ဆေးလိပ်မသောက်ရသဖြင့် ကွာရန်တင်းစင်တာမှ ထွက်ပြေးသူ ၂ ဦးကို အရေးယူမည်
DVB
·
October 19, 2020
ဆေးလိပ်မသောက်ရလို့ ဆိုပြီး ချမ်းမြသာစည်မြို့နယ် သံဃာ့ဆေးရုံ ကွာရန်တင်း စင်တာကနေ ထွက်ပြေးသွားသူ ၂ ဦးကို သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ သံဃာ့ဆေးရုံ ကွာရန်တင်းစင်တာကနေ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း ၄ နာရီလောက်က ကွာရန်တင်း ဝင်နေသူ လူငယ် ယောက်ျားလေးနှစ်ဦး ထွက်ပြေးသွားခဲ့တာပါ။
ထွက်ပြေးတဲ့သူတွေဟာ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပရဟိတအသင်းအဖွဲ့တွေ လူဖြန့်ရှာခဲ့တာကြောင့် နေ့လယ် ၁၂ နာရီကျော်လောက်မှာ ပြန်လည် ထိန်းသိမ်းနိုင်တယ်လို့ ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောပါတယ်။
ထွက်ပြေးတဲ့ သူ ၂ ဦးဟာ ရန်ကုန်ကနေ ပြန်လာတာကြောင့် ကွာရန်တင်း ဝင်နေသူတွေ ဖြစ်ပြီး ဆေးလိပ်မသောက်ရတဲ့အတွက် ထွက်ပြေးတာလို့ လိုက်လံထိန်းသိမ်းခဲ့သူတွေက ဆိုပါတယ်။
ထွက်ပြေးတဲ့သူတွေ ကွာရန်တင်း ဝင်နေတာ ၇ ရက်ရှိပြီလို့ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဝေဖြိုးဟန်က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ ကွာရန်တင်း စင်တာပေါင်း ၃၀၀ ကျော်ရှိပြီး လက်ရှိ ကွာရန်တင်း ဝင်နေသူ ၂၆၇၀ ကျော်ရှိပါတယ်။
သတင်း - နိုင်လင်းဦး