ဗီယက်နမ်တွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာ
DVB
·
October 16, 2020
ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၉ ယောက်ထက်မနည်း ရှိလာပါတယ်။
အောက်တိုဘာ ၁၅ ရက်က ကယ်ဆယ်ရေးသမားတွေဟာ မြေပြိုနေရာ နှစ်ခုက တပ်ဖွဲ့ဝင် ရုပ်အလောင်း ၁၃ လောင်း စလုံးကို ပြန်ရခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက်က နိုင်ငံအလယ်ပိုင်း ထူထင်းဟူပြည်နယ် ရေအားလျှပ်စစ် ဆည်တခုအနီးမှာ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။
မြေပြိုမှုအတွင်း ဆောက်လုပ်ရေး လုပ်သား ၁၇ ယောက် ပိတ်မိခဲ့ပြီး သူတို့ကို ကယ်ဆယ်ဖို့ တပ်ဖွဲ့ဝင် ၁၃ ယောက်ကို စေလွှတ်ခဲ့တာပါ။
ပျောက်ဆုံးနေသူတွေကို ဆက်ရှာဖို့ ဖြစ်နိုင်တဲ့ တပ်ဖွဲ့တွေနဲ့ စက်ကိရိယာတွေကို သုံးသွားမှာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေ လုံခြုံရေးနဲ့ စက်ကိရိယာတွေကို သေချာထိန်းသိမ်းသွားမယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
လာမယ့် သီတင်းပတ်အစောပိုင်းအထိ မိုးကြီးမယ် မျှော်လင့်ထားတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။