တောင်ကိုရီးယားနှင့် ဂျပန်ကို သွားမည့် မြန်မာလုပ်သားများ ကိုဗစ်-၁၉ စစ်ဆေးရမည်
DVB
·
October 14, 2020
ကိုဗစ်-၁၉ကာလ တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ အလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြမယ့် မြန်မာလုပ်သားတွေ ပြည်ပထွက်ခွာမယ့် ၇၂ နာရီအတွင်း ကိုဗစ်-၁၉ စစ်ရမှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံတွေမှာ ကွာရန်တင်း ၁၄ ရက်ထပ်မံ ဝင်ရ မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားစေလွှတ်နေတဲ့နိုင်ငံ ၁၀ နိုင်ငံလောက်မှာ အခု ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မြန်မာအလုပ်သမားတွေကို တရားဝင် ပြန်လည်ခေါ်ယူနေတာ ဂျပန်နဲ့ ကိုရီးယား နှစ်နိုင်ငံပဲ ရှိပါသေးတယ်။
ဒီနှစ်နိုင်ငံမှာလည်း ကိုရီးယားနိုင်ငံအနေနဲ့ အရင်ကလုပ်ကိုင်ခဲ့ဖူးတဲ့ လူဟောင်းတွေကိုပဲပြန်လည်ခေါ် ယူနေတာဖြစ်သလို၊ ဂျပန်နိုင်ငံအနေနဲ့တော့ ကိုဗစ်ကာလအတွင်း စေလွှတ်ခွင့်ပိတ်ခဲ့ချိန်မှာသွား ဖို့စောင့်ဆိုင်းခဲ့တဲ့ လုပ်သားတွေကို ဦးစားပေးခေါ်ယူနေတာပါ။
ဒါပေမဲ့ ဒီကာလမှာ သက်ဆိုင်ရာနိုင်ငံမှာ ကွာရန်တင်းဝင်ရတဲ့အခြေအနေတွေ၊ ပြည်တွင်းမှာ ကိုဗစ်-၁၉ စစ်ဆေးဖို့ ညွှန်ကြားချက် အဆင့်ဆင့် တင်ပြလုပ်ကိုင်ရတဲ့ အခြေအနေတွေ၊ လေယာဉ်တွေ မလွယ်ကူတဲ့အခြေအနေတွေနဲ့ အခက်ခဲတွေအတော်များတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ရဲ့ ဒုတိယဥက္ကဋ္ဌ က ပြောပါတယ်။
မြန်မာလုပ်သားတွေကို ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ယူအေအီး၊ ဂျော်ဒန် စတဲ့ နိုင်ငံတွေက လည်း ခေါ်ယူ နေတာပါ။ ဒါပေမဲ့ အခုလက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာတော့ ဂျပန်နဲ့ ကိုရီးယားနိုင်ငံကလွဲပြီး ကျန်နိုင်ငံတွေက ခေါ်ယူမှုလုံးဝရပ်ဆိုင်းထားတာပါ။
အဲ့လိုရပ်ဆိုင်းလိုက်တဲ့အခြေအနေတွေကြောင့် ပြည်ပမှာ အလုပ်သွားလုပ်ဖို့ မြန်မာပြည်ကနေ ထွက်ခွာသွားခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ လုပ်သားဦးရေ သောင်းချီရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
သတင်း- ဇာခြည်