ပျဉ်းမနားရဲစခန်းက အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
နေဖြိုးဝင်း
·
October 13, 2020
နေပြည်တော်၊ ပျဉ်းမနားရဲစခန်းမှာ အချုပ်ကျနေတဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်၀ဏ္ဏစိုးက ပြောပါတယ်။
“ဟုတ်ပါတယ်။ ဖျားတယ်။ ဖျားတော့ပျဉ်းမနား ဆေးရုံပြတယ်။ စစ်လိုက်တော့ Positive တွေ့တယ်။ ဖြစ်တော့ ဆေးရုံတင်လိုက်တယ်။ အချုပ်ထဲမှာ ရှိတဲ့ အချုပ်သားတွေအားလုံးကို ကွာရန်တင်းထားလိုက်တယ် အစောင့်အရှောက်နဲ့” လို့ ပြောပါတယ်။
အဆိုပါ အချုပ်သားကို နေပြည်တော်အချုပ်ထောင်ကို ပို့မယ့် ရက်မှာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးတာမှာ အခုလို တွေ့ရှိတာဖြစ်တယ်လို့ ပျဉ်းမနားရဲစခန်းက တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။
“လက်ရှိတော့ သူ့ကို ပုဗ္ဗသီရိ ခုတင် ၂၀၀ ဆေးရုံမှာဆေးကုသမှုခံယူတာပေါ့။ သူက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အဖမ်းခံထားရတာဆိုတော့ ၊ မနက်ဖြန် နေပြည်တော်အချုပ်ထောင်ကို ပို့မှာပေါ့။ အဲ့ဒီအတွက် ကျန်းမာရေးဆေးစစ်တာ၊ အဲ့ဒါသွားပြီး စစ်တဲ့အချိန်မှာ ကိုဗစ် Positive တွေ့တယ်။” လို့ ပျဉ်းမနားရဲစခန်း တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
လုံခြုံရေးပါသွားတဲ့ အဖွဲ့အားလုံး ၁၀ ယောက်လောက်လည်း ကွာရန်တင်း၀င်နေရပြီး အချုပ်သားစုစုပေါင်း ၂၆ ယောက် ကွာရန်တင်း၀င်နေရတယ်လို့ လည်းပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၂၅ ယောက်ရှိနေပြီဖြစ်ပါတယ်။