မုန်တိုင်းငယ် မြန်မာဘက်သို့ ဦးတည်မည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်
DVB
·
October 12, 2020
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမယ့် အခြေအနေ မရှိလို့ အဝါရောင်အဆင့် သတ်မှတ်တယ်လို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၂ ရက် မနက် မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်(Depression)ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၇၀)မိုင် လောက်နဲ့ ကာကီနာဒါမြို့ (Kakinada)ရဲ့ အရှေ့တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်ရဲ့ တည်နေရာ၊ ဗဟိုချက်လေဖိအားနဲ့ လေတိုက်နှုန်းဟာ မြောက်လတ္တီကျု ၁၅.၆ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၅.၂ ဒီဂရီမှာရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ် နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို ၃၅ မိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါ မုန်တိုင်းငယ်(Depression)ရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာ ၈ ပေမှ ၁၁ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေးနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ- မိုးဇလ