Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် NLD မဲဆွယ်ကားပေါ်၌ မီးလောင်မှုဖြစ်၊ လူ ၁၅ ဦး ဒဏ်ရာရ
Aung Ko Latt
·
October 11, 2020
KantBalu NLD မဲဆွယ်ရေးကား မီးလောင်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအနီးမှာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက NLD မဲဆွယ်စည်းရုံးရေး အင်အားပြလှည့်လည်တဲ့ ကားတစ်စီးပေါ်မှာ တင်ဆောင်လာတဲ့ မီးစက်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်တာကြောင့် လူ ၁၆ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ဒဏ်ရာရရှိသူတွေက အင်းလယ်ကြီးကျေးရွာနေသူတွေဖြစ်ပြီး မဲဆွယ်အင်အားပြ လှည့်လည်အပြန်မှာ ဖြစ်တာလို့ သိရပါတယ်။ ထန်းကုန်းနယ်မြေရဲစခန်းမှုး ရဲအုပ်ခင်မောင်ထွေးက “အင်းလယ်ကြီးကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာမှာ ဖြစ်တာပါ။ ကားပေါ်ပါဓာတ်ဆီမီးစက်နဲ့ ဒိုင်နမိုရှော့ခ်ဖြစ်တာကနေ လောင်တယ်လို့ ယူဆရတာပေါ့။ လူကတော့ အားလုံး ၁၅ ယောက်ပါ။ ဆေးရုံတက်နေတာကတော့ ၇ ယောက်ပေါ့။ ရဲစခန်းမှာ‌တော့ စက်ကိုင်တဲ့ ကောင်လေးကို အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုက ကိုဗစ်ကာလဖြစ်တဲ့အတွက် အခုလို ယာဉ်တန်းနဲ့ လူစုလူဝေးနဲ့ လှည့်လည်တာတွေကို မလုပ်ကြဖို့ မေတ္တာရပ်ခံထားတာလည်း ရှိပေမယ့် တချို့မြို့နယ်တွေမှာတော့ လူစုလူဝေးနဲ့ ယာဉ်မျိုးစုံအသုံးပြုကာ လှည့်လည်နေတာတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်က “ဒီမှာကတော့ ပြည်သူအင်အားပြကတော့ သူတို့အစီအစဉ်နဲ့ သူတို့ လုပ်နေကြတာပဲ။ ဒီလိုဖြစ်သွားတာကို စိတ်လည်းမကောင်းဘူး။ ပြည်သူတွေရဲ့ဆန္ဒကိုလည်း အလေးထားပါတယ်။ ပါတီအသီးသီး ကိုယ့်ပါတီကိုယ် ထောက်ခံကြတယ်။ ဒါပေမဲ့ ကိုဗစ်ကာလကြီးမှာတော့ အဲလိုမျိုးတွေကို မလုပ်စေချင်ဘူး။ ဒီအချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ထောက်စရာတွေ ဖြစ်နေတာ။ နဂိုကဆိုရင် အစုအဝေးဆိုရင် မင်္ဂလာပဲဆောင်ဆောင်၊ ဘာပဲလုပ်လုပ် ကိုဗစ်ဥပဒေ ရှိတယ်။ ဒီမှာတော့ ဒီလိုမရှိဘူးဆိုတော့ ပြန်ပြီး ကိုယ့်အစိုးရကို ပြန်ထောက်နေတဲ့ ကဏ္ဍတွေပေါ့။ အဲလိုကိုလည်း သဘောမကျဘူး။ ကျမလည်း တတ်နိုင်သလောက်တော့ ပြောတယ်။ မဲထည့်ကြမယ်ဆိုရင် အဲလိုတွေလုပ်မယ့်အစား မဲစာရင်းပါ၊ မပါကြည့်ပြီး အမှားရှိရင် ပြင်နိုင်အောင်လုပ်ဖို့ပဲ တိုက်တွန်းတယ်” လို့  ပြောပါတယ်။ မီးစက် မီးလောင်မှုကြောင့် အင်းလယ်ကြီးကျေးရွာက ကားပေါ်ပါ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၇ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။  NLD ဝန်းရံထောက်ခံသူတွေရဲ့ အင်အားပြ မဲဆွယ်လှည့်လည်တာကို ကန့်ဘလူမြို့နယ်တင်မက တန့်ဆည်မြို့နယ်က အင်အားထောင်ချီရှိတဲ့ ဝန်းရံသူတွေကလည်း ကျွန်းလှမြို့ထိ ယာဉ်တန်းနဲ့ လှည့်လည်တာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက ၂၃ မြို့နယ်အထိ ပျံ့နှံ့လာနေပြီး လူဦးရေ ၁၈၅ ဦးထိ ရောဂါကူးစက်ခံထားရပါတယ်။  ဒီအတွက် မြို့နယ်တော်တော်များများမှာတော့ NLD ပါတီက လူစုလူဝေးနဲ့ လှည့်လည်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံချက်တွေ ထုတ်ပြန်ထားသလို မဲဆွယ်စည်းရုံးရေး ရပ်နားတာတွေလည်း ရှိနေပါတယ်။  ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့အညီ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဓာတ်ပုံ - Kyaw Ko Ko Tin FB
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024