ရှမ်းတောင်တွင် အထူးရဲ ၂ ဦး အပါအဝင် ကိုဗစ်လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိ
DVB
·
October 10, 2020
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အောက်တိုဘာ ၉ ရက်က အထူးရဲ ၂ ဦးအပါအဝင် ကိုဗစ်လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက်က ယာဉ်မောင်း/ ယာဉ်နောက်လိုက် ၂၇၇ ဦးနဲ့ ရွာငံ၊ ဟိုပုန်း၊ ကလောမြို့နယ်က ရွေးကောက်ပွဲ အထူးရဲ ၂၇၃ ဦးတို့ကို RDT အမြန်စစ်ဆေးကိရိယာနဲ့ စစ်ဆေးခဲ့ရာ ကလောမြို့က အထူးရဲ ၂ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အသက် ၂၅ နှစ်နဲ့ ၂၃ နှစ်အရွယ် အထူးရဲ ၂ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ ပေါတုံကျေးရွာနဲ့ ဟဲဟိုးတို့ကို ခရီးသွားလာခဲ့သူတွေဖြစ်ပြီး ကလောဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက အောက်တိုဘာ ၉ ရက်မှာ ဓာတ်ခွဲနမူနာ ၂၁၄ ခုအား စစ်ဆေးရာမှာ လူနာသစ်၂ ဦး တွေ့ရှိခဲ့ပါတယ်။
အသက် ၁၆ နှစ်နဲ့ ၂၅ နှစ်အရွယ်အမျိုးသား လူနာသစ် ၂ ဦးဟာ ကိုဗစ်အတည်ပြုလူနာတွေ နဲ့ ထိတွေ့မှုမရှိဘဲ ရန်ကုန်ကပြန်လာပြီး အသွားအလာကန့်သတ်ထားရှိသူတွေဖြစ်ကာ ရွာငံနဲ့ ဆီဆိုင်မြို့နယ်တို့မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို စဝ်စံထွန်း ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃၉၀၆ ဦးနဲ့ သေဆုံးလူနာ ၅၆၆ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနစာရင်းအရ သိရပါတယ်။