လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်
DVB
·
October 9, 2020
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ ဆက်လက် တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးဇလက ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီနေ့မွန်းလွဲပိုင်းကနေ အောက်တို ၁၃ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နဲ့ နောကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်မှ မိုင် ၄၀အထိ တိုက်ခတ်နိုင်ပါတယ်။
လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းပြီး လေပြင်းတိုက်၊ လျှပ်တစ်ပြက် ရေကြီး မြေပြိုတာ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့် ဒေသအနီးနေသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။