ရန်ကုန်က MPT ဝန်ထမ်း ၅ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရ
DVB
·
October 6, 2020
ရန်ကုန်မြို့က ဝန်ထမ်း ၅ ယောက် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံခဲ့ရပြီးနောက် လက်ရှိ အချိန်ထိ ရောဂါကူးစက်ခံရတဲ့ ဝန်ထမ်းစုစုပေါင်း ၂၅ ယောက်ရှိပြီလို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)က အောက်တိုဘာ ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရတဲ့ ဝန်ထမ်း ၅ ယောက်ထဲက ၄ ယောက်ကတော့ မရမ်းကုန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ပြီး ကျန်တယောက်ကတော့ ပန်းဘဲတန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေသူတွေလို့ ဆိုပါတယ်။
ဒါပေမဲ့ အခုစစ်ဆေးတွေ့ရှိခဲ့တဲ့ ဝန်ထမ်း ၅ ယောက်စလုံးဟာ Facility Quarantine ဝင်ထားသူတွေ ဖြစ်တဲ့အတွက် MPT သုံးစွဲသူတွေနဲ့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်း မရှိ ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အရင်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေထဲက ဝန်ထမ်း ၉ ယောက်ကတော့ ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၅ ရက်ည ၈ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၈,၇၈၁ ယောက် ၊ သေဆုံးသူ ၄၄၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၅၄၈ ယောက် ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။