ကုန်တင်ယာဉ်များကို ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် စတင်ဖြတ်သန်းခွင့်ပြု
DVB
·
October 6, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်တွေနဲ့ မြို့ဝင်မြို့ထွက် ကိစ္စတွေ အဆင်ပြေချောမွေ့စေဖို့ အောက်တိုဘာ ၅ ရက် ညပိုင်းက စတင်ပြီး နိုဝင်ဘာ ၃၀ အထိ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်တွေကို ဖြတ်သန်းခွင့်ပြုသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမြန်လမ်းမကြီးပေါ်မှာ ကုန်ကားတွေကိုယာယီဖြတ်သန်းခွင့်ပြုလိုက်တဲ့ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီကစတင်ပြီး ည ၁၂ နာရီအထိ စုစုပေါင်းကုန်တင်ယာဉ် ၁၇၂ စီးအထိ ဖြတ်သန်းသွားလာခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ခွင့်ပြုချက်မတိုင်ခင်က ဖြတ်သန်းတဲ့ ကုန်တင်ယာဉ်တွေအနေနဲ့ ရန်ကုန်- မန္တလေး လမ်းဟောင်းကိုသာ အသုံးပြုခဲ့ရပြီး အခုလို ခွင့်ပြုလိုက်တာဟာ လမ်းဘေးမှာရှိနေတဲ့ မြို့ရွာတွေနဲ့ထိစပ်မှုကိုရှောင်လွှဲနိုင်ဖို့ ခွင့်ပြုပေးလိုက်တာဖြစ်မယ်လို့ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းမပေါ်မှာ ဖြတ်သန်းသွားတဲ့ကုန်တင်ယာဉ်တွေအနေနဲ့ ယာဉ်ဖြတ်သန်းခပေးဆောင်ပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးကြီးကြပ်မှုကိုလည်း လိုက်နာရမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အမြန်လမ်း ဖြတ်သန်းသွားလာမယ့် ကိုယ်ပိုင်ယာဉ်ငယ်တွေ၊ ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကို မောင်းနှင်ရမယ့် အမြန်နှုန်းတွေကို ကြေညာထားပြီး ကုန်တင်ယာဉ်တွေကိုလည်း 60Km/h နဲ့ အမြန်နှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။
ကုန်တင်ယာဉ်တွေအနေနဲ့ လက်ယာဘက်ယာဉ်ကြောကသာ မောင်းနှင်ရမှာဖြစ်ပြီး သတ်မှတ်အမြန်နှုန်းထက် ပိုပြီးမောင်းနှင်ခွင့်မပြုပါဘူး။
မောင်းနှင်ခွင့်ပြုလိုက်တဲ့အချိန်ကစပြီး သတ်မှတ်စည်းကမ်းတွေနဲ့အညီ မောင်းနှင်စေပြီး ယာဉ်အန္တရာယ် မရှိစေဖို့ တပ်ဖွဲ့ဝင်တွေက သတိပေးခြင်း၊ ကင်းလှည့်ခြင်းတွေနဲ့ ကြပ်မတ်နေတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကသိရပါတယ်။
ဒါ့အပြင် ကုန်တင်ယာဉ်တွေအနေနဲ့ Rest Camp တွေမှာသာ ရပ်နားဖို့နဲ့ လမ်းဘေးတွေမှာကြုံသလို ရပ်နားပြီး လမ်းဘေးဆိုင်တွေမှာ စားသောက်ခွင့်မပြုဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ သည်လို မလိုက်နာတာတွေကိုစစ်ဆေးတွေ့ရှိရတယ်ဆိုရင် နောက်တစ်ကြိမ်ဖြတ်သန်းခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့