မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ အောက်တိုဘာ ၁၀ ရက်နောက်ဆုံးထား လျှောက်ထားနိုင်
DVB
·
October 5, 2020
မိမိအမြဲတမ်းနေထိုင်ရာ မဲဆန္ဒနယ်ရဲ့ ပြင်ပမှာ ရောက်ရှိနေကြတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးလိုပါက အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ထပ်မံ အသိပေးကြေညာလိုက်ပါတယ်။
အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက်တခြားမဲဆန္ဒရှင်တွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့လက်ရှိ ရောက်ရှိနေတဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေဖို့ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအပ်စု ကော်မရှင်အဖွဲ့ခွဲတွေထံမှာ ပုံစံ ၃ (က) နဲ့ စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ မဲဆန္ဒရှင်တွေအနေနဲ့ ပုံစံ ၃ (က) နဲ့ လျှောက်ထားဖို့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားနိုင်တယ်လို့ ထပ်မံ အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။
လက်ရှိအချိန် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေဆဲဖြစ်နေပြီး ခရီးသွားလာမှုတွေကို ကန့်သတ်ထားတဲ့အတွက် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ မိမိရဲ့ အမြဲတမ်းနေရပ်ကို ပြန်ပြီး မဲပေးဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။
မဲဆန္ဒပြင်ပရောက်နေသူတွေရဲ့ မဲပေးခွင့်ကို ရက်ပေါင်း ၁၈၀ အတွင်း အစားရက်ပေါင်း ၉၀ နဲ့ အစားထိုးပြင်ဆင်ဖို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့ မေလမှာ အတည်ပြုခဲ့ပါတယ်။
ဓာတ်ပုံ- UEC