ကိုဗစ်လူနာအများဆုံး တွေ့ရသည့် ဖားကန့် တောင်ပြိုမှော်ရွာကို လော့ဒေါင်းချ
DVB
·
October 4, 2020
ကိုဗစ်-၁၉ လူနာတွေ့ရှိမှုများတဲ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်အပိုင်က တောင်ပြိုမှော်ကျေးရွာကို အောက်တိုဘာ ၃ ရက် မနက် ၈ နာရီကစပြီး အသွားအလာ ကန့်သတ်တဲ့နေရာအဖြစ် ပြည်နယ်ကျန်းမာရေးဦးစီးဌာနက အမိန့်ထုတ်လိုက်ပါတယ်။
တောင်ပြိုကျေးရွာမှာ စက်တင်ဘာ ၉ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူတာ စတင်တွေ့ခဲ့တာဖြစ်ပြီး အဲဒီလူနာနဲ့ ထိစပ်သူ ၃၃ ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က “ဖားကန့်မှာ အတည်ပြုလူနာ စုစုပေါင်း ၃၅ ယောက်ပေါ့။ ၃၄ ယောက်က တောင်ပြိုက၊ နောက်တယောက်က လုံးခင်း ဖြူစင်ကုန်းကပါ။ သံသယလူနာကတော့ အားလုံး ၇ ယောက်၊ Swab ယူထားပြီး အဖြေစောင့်နေတာ ၄ ယောက်။ Swab မယူသေးတာက ၃ ယောက်ကျန်တယ်” လို့ ပြောပါတယ်။
အသွားအလာ ကန့်သတ်ထားတဲ့ တောင်ပြိုကျေးရွာကို သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနနဲ့ ပရဟိတ ဗော်လံတီယာတွေက အစားအသောက်နဲ့ လုံခြုံရေးတွေ စီစဉ်ပေးထားတယ်လို့လည်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက သိရပါတယ်။
ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က “ကျနော်တို့ တောင်ပြိုရွာကို ရဲတပ်ဖွဲ့နဲ့ တိုက်ခိုက်ရေး ရဲတပ်ရင်းက ရဲဘော်တွေနဲ့ အပြင်စည်းကနေ လုံခြုံရေး ချထားတယ်။ အတွင်းစည်းကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပရဟိတအဖွဲ့တွေ၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတွေက အစားအသောက်နဲ့ ဆေးဝါးအပြင် တခြား လိုအပ်တာတွေကို အတွင်းစည်းကနေ ကူညီထောက်ပံ့ပေးထားပါတယ်” လို့ ပြောပါတယ်။
တောင်ပြိုကျေးရွာဟာ အိမ်ခြေပေါင်း ၄၀၀၊ အိမ်ထောင်စုပေါင်း ၄၀၀ နဲ့ လူဦးရေ ၂,၀၀၀ ခန့် ရှိပါတယ်။ အသွားအလာကန့်သတ်ထားတဲ့ တောင်ပြိုကျေးရွာကို ဖားကန့်မြို့နယ်အတွင်းမှာ ရှိတဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေက ဆန်၊ ဆီ၊ ဆားနဲ့ တခြားစားနပ်ရိက္ခာတွေ လာရောက် ထောက်ပံ့လှူဒါန်းတာတွေ ရှိတယ်လို့ ရွာသားတချိုက ပြောပါတယ်။
ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်တွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ကနေ ဒီနေ့ချိန်အထိ ကူးစက်ခံရသူ ၃၅ ယောက်နဲ့ သံသယလူနာ ၇ ယောက် ရှိပါတယ်။ လူနာ ၉ ဦး ဆေးရုံဆင်းခွင့်ရခဲ့ပြီး နေအိမ်တွေမှာ Home Quarantine ၁၄ ရက်နေထိုင်နေတယ်လို့ သိရပါတယ်။
ကျန်ပိုးတွေ့လူနာ ၂၆ ဦးနဲ့ သံယလူနာ ၇ ဦးတို့ဟာ သတ်မှတ်ထားတဲ့ သီးသန့်ဆောင်တွေမှာ ဆေးကုသမှု ခံယူနေပြီး လူနာအားလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဖားကန့် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း - ဇော်မိုးထက် (ဖားကန့် )၊ ဓာတ်ပုံ-ဗိုလ်ကေ