လုပ်ငန်းရှင်တဦးက DVB သတင်းထောက် ခွန်ဇော်ဦးကို ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲ
DVB
·
October 3, 2020
လားရှိုးမြို့က DVB သတင်းထောက် ခွန်ဇော်ဦးကို လုပ်ငန်းရှင်တယောက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က စွဲဆိုခဲ့တဲ့ နိုင်လွတ်လုံ ပုဒ်မကို ဥပဒေအရာရှိက ပြင်ဆင်ပေးပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာ တရားရုံးကို တင်လာတာ ဖြစ်ပါတယ်။
လားရှိုး မြို့မရဲစခန်းက ဒုရဲမှုးမြင့်ကျော်က “မနှစ်က အလုပ်ရှင် အလုပ်သမားပြဿနာမှာ အလုပ်သမားတွေက လုပ်အားခမရဘူးလို့ သူလိုင်းပေါ်တင်ရေးလို့ပါ။ ဦးရဲနိုင်ကတော့ သူ့အလုပ်သမားနဲ့ ပြေလည်ရာကြောင်းရှင်းကြတယ်။ ပေးရန် ရရန် ရှင်းလည်းရှင်းထားတယ်ပေါ့။ ခွန်ဇော်ဦးကို အာမခံလုပ်ပေးထားပါတယ်။ ကျနော်တို့ကတော့ တင်ပြမှုအပေါ် မှန်ကန်မှု ရှိ၊ မရှိပဲ စစ်ပေးမယ်” လို့ ပြောပါတယ်။
သတင်းထောက် ခွန်ဇော်ဦးဘက်ကလည်း အဲဒီလုပ်ငန်းရှင်ကို ခြိမ်းခြောက်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“ကျနော့်ကို တရားစွဲဆိုသူ ဦးရဲနိုင်ဟာ အလုပ်သမားတွေကို အလုပ်ခိုင်းပြီး လုပ်အားခ ရှင်းမပေးသေးတဲ့ အကြောင်း ကျနော်ရေးသားဖော်ပြခဲ့တာဟာ သူ့ကိုသိက္ခာကျစေတယ်ဆိုပြီး ၆၆(ဃ)နဲ့ တရားစွဲတာပါ။ ဒါ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာဖြစ်တယ်။ သတင်းမီဒီယာကျင့်ဝတ်သိက္ခာနဲ့အညီ အမှန်တရားအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်တယ်။ ပြီးတော့ ကျနော်စွဲဆို အမှုဖွင့်ထားတာက အခုထိ တရားရုံးကိုမရောက်သေးဘူး။ မေးလိုက်ရင် ဥပဒေအကြံတောင်းထားတယ်လို့ပဲ သိရတယ်” လို့ ကိုခွန်ဇော်ဦးက ပြောပါတယ်။
ဒီနေ့ထိ လုပ်အားခမရကြသေးတဲ့ အလုပ်သမားတွေကလည်း သက်သေလိုက်ပေးကြမှာ ဖြစ်သလို မျက်မြင်သက်သေတွေကလည်း ရုံးတော်မှာ လာရောက်ထွက်ဆိုပေးကြမှာဖြစ်တယ် လို့ သိရပါတယ်။