ကိုဗစ်-၁၉ လက္ခဏာဖြင့် လာရောက်စစ်ဆေးသူတွေထဲက လေးပုံတပုံ ပိုးတွေ့ရှိဟု အတိုင်ပင်ခံပြော
DVB
·
October 3, 2020
ကိုဗစ်-၁၉ လာရောက်စစ်ဆေးသူတွေထဲက လေးပုံတပုံလောက်မှာ ပိုးတွေ့ရသလို ကူးစက်ခံရပြီး ပိုးကင်းသွားသူတွေအနေနဲ့လည်း နောက်တကြိမ် ပြန်ဖြစ်နိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးလိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်ညက ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
“ရောဂါလက္ခဏာရှိလို့ လာပြီး စစ်တဲ့လူတွေထဲမှာဆိုရင် ၂၃ ဒသမ ၆ ရာခိုင်နှုန်းဟာ ရောဂါရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မှုရှိလို့ လာပြီးတော့ အစစ်ခံတဲ့သူတွေထဲမှာဆိုရင် ၁၈ ဒသမ ၉ ရာခိုင်နှုန်းဟာ ရောဂါရှိတာကို တွေ့ရပါတယ်။ ပြည်ပ ဒါမှမဟုတ် ရောဂါပြန့်ပွားနေတဲ့ ပြည်တွင်းနေရာတွေကနေပြီးတော့ လာတဲ့သူတွေကို စစ်လိုက်တဲ့အခါမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းဟာ ရောဂါပိုးရှိတယ်ဆိုတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။
အနံ့မရတဲ့သူတွေအနေနဲ့ စောစောစီးစီး သွားစစ်ကြဖို့နဲ့ စောစောကုရင် မဆိုးရွားနိုင်ဘဲ ရောဂါစစ်တာ နောက်ကျလေလေ ကုသရခက်လေ ဖြစ်တယ်လို့ ပြောပါတယ်။
ရောဂါ အမြန်စစ်နိုင်တဲ့ ကိရိယာတွေကို ကိုရီးယားနိုင်ငံက မှာယူထားတာ အခုရေ ၄ သိန်းကျော်ပြီလို့လည်း ဆိုပါတယ်။
တချို့နိုင်ငံတွေမှာ ရောဂါဖြစ်တာဟာ တတိယလှိုင်းကို ရောက်နေပြီလို့တောင် ခန့်မှန်းကြတာတွေရှိပြီး တချို့နိုင်ငံတွေမှာတော့ ထိန်းထားနိုင်သလို ဒါဟာ နိုင်ငံ ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ဘဲ ပြည်သူတွေ စည်းကမ်းရှိတာနဲ့ပဲ ဆိုင်တယ်လို့ ပြောပါတယ်။
ဆေးရုံက ဆင်းပြီးသူတွေဟာ အိမ်မှာ တပတ်ဆက်နေဖို့လိုပြီး ရောဂါကင်းစင်သွားရင်တောင်မှ နောက်တကြိမ်ထပ်မဖြစ်ဘူး မထင်နဲ့လို့လည်း သူက သတိပေးပါတယ်။ ဒီရောဂါက ၂ ခါမရနိုင်ဘူးလို့ ဘယ်သူကမှ အခုထိ မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။
ပြီးတော့ ကာကွယ်ဆေးထွက်မှ ပြည်သူတွေ အားလုံးကို ကာကွယ်ဆေး ထိုးပေးနိုင်ပြီးတဲ့အခါမှပဲ ဒီရောဂါကို အောင်မြင်နိုင်ပြီ သတ်မှတ်နိုင်မယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၅,၅၂၅ ယောက်၊ သေဆုံးသူ ၃၅၃ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၃၇၈ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။