ဟင်္သာတတွင် ရန်ကုန်ပြန် ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
October 3, 2020
အောက်တိုဘာ ၂ ရက်နေ့ ညက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ဟင်္သာတမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦး ထပ်မံပါဝင်လာခဲ့ပြီး ရန်ကုန်က ပြန်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်က ပြန်လာတဲ့သူတိုင်းကို ကွာရင်တင်းစင်တာတွေမှာ ထားတာဖြစ်တဲ့အတွက် လောလောဆယ်တော့ မြို့အတွက် စိတ်ပူစရာ မရှိပါဘူးလို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်က ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့က ပေးပို့စစ်ဆေးထားတဲ့ ဓာတ်ခွဲနမူနာတွေရဲ့ စာရင်းအရ မနေ့ညက အဖြေထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အားလုံးရဲ့ ကျန်းမာရေး အခြေအနေ ပုံမှန်အတိုင်း ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
ပိုးတွေ့လူနာတွေကတော့ ဟင်္သာတမြို့ ဘေးစီမံက ၁ ဦး၊ အ.ထ.က (၄) ကွာရင်တင်းစင်တာက ၁ ဦးနဲ့ စစ်ကုန်းရေလဲက ၂ ဦး၊ နတ်မော်ကျေးရွာက ၂ ဦး၊ ရွာသစ်တောင်က ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးလုံး ဒီနေ့မနက် ဟင်္သာတခရိုင်ဆေးရုံကြီးကို ရောက်လာမယ်လို့ ဒေါက်တာဌေးဌေးလှိုင်က DVB ကို ပြောပါတယ်။
ဟင်္သာတခရိုင် ဆေးရုံကြီးမှာ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသွားသူ ၇ ဦးနဲ့ လက်ရှိ ကုသဆဲလူနာက ၄ ဦး၊ ထပ်မံတိုးလာတဲ့ ၇ ဦးပါအဝင် ပိုးတွေ့လူနာ ၁၁ ဦး ရှိတယ်လို့ သိရပါတယ်။
ဆေးရုံအုပ်ကြီးဒေါက်တာဌေးဌေးလှိုင်က “ကျမတို့ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကတော့ ကိုဗစ်-၁၉ ရောဂါကုသဖို့ဆိုရင်တော့ လူဦးရေ ၂၀ လောက်ထိတော့ ကုသလို့ရမှာ ဖြစ်တယ်” ပြောပါတယ်။