တောင်ကိုရီးယားတွင် ကြိုတင်မဲပေးသူများနေသဖြင့် ရက်ချိန်းပေးပြီး ပြန်လွှတ်ခဲ့ရ
DVB
·
October 2, 2020
ကိုရီးယားရောက် မြန်မာတွေရဲ့ ကြိုတင်မဲပေးတဲ့ ပထမဆုံးနေ့မှာပဲ လူအများအပြားလာရောက်မဲပေးခဲ့ကြလို့ ဆိုးလ်မြို့နဲ့နီးတဲ့သူတွေကို နောက်ရက်တွေမှာမှ လာရောက်မဲပေးဖို့ မြန်မာသံရုံးက ရက်ချိန်းပြန်ပေးပြီး ပြန်လွှတ်ခဲ့ရပါတယ်။
မဲရုံဖွင့်တဲ့ ပထမဆုံးရက်မှာတင် အနည်းဆုံး လူ ၁၀၀၀ ကျော်လောက်က ဆိုးလ်မြို့မှာရှိတဲ့မြန်မာသံရုံးကို မဲလာပေးခဲ့ကြတာပါ။ လူဦးရေများပြားလွန်းတဲ့အတွက် သတ်မှတ်အချိန်ထဲမှာ အားလုံးမဲပေးဖို့ မဖြစ်နိုင်ဘဲ အခက်အခဲကြုံခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်မြို့နဲ့ ဝေးတဲ့မြို့တွေက လာတဲ့သူတွေကိုတော့ ဒီနေ့မှာပဲ အပြီးပေးနိုင်ဖို့ သံရုံးဘက်က စီစဉ်ပေးနေတယ်လို့ပြောတာကြောင့် စောင့်နေတယ်လို့ ဘူဆန်မြို့ကနေ လာရောက်မဲပေးသူ ကိုသုမောင်ကပြောပါတယ်။
"ကျနော်တို့က မဲပေးဖို့အတွက် ဒီနေ့မရရင် မနက်ဖြန်ထိပေးမှာပါ။ အခက်အခဲတွေတော့ အများကြီးရှိပါတယ်၊ ခုပြန်ရင် အိမ်ကို ည ၁၂ နာရီမှ ပြန်ရောက်မလားမသိဘူး ခင်ဗျ။ ကျေးဇူးပါဗျာ သိအောင်ပြောပေးပါ ခင်ဗျ" လို့ ကိုသုမောင်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့မှာရှိတဲ့ မဲဆန္ဒရှင်တွေကလည်း ၅ နာရီနီးပါး ကားစီးပြီး ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ကြိုတင်မဲ ပေးဖို့သွားရောက် ခဲ့ကြပါတယ်။
မြန်မာသံရုံးအနေနဲ့လည်း နောက်ရက်တွေက စတင်ပြီး တစ်ရက်ကို လူ ၈၀၀ သာ မဲပေးခွင့်ပြုတော့မယ်လို့ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ သတင်းထုတ်ပြန်ထားပါတယ်။
ကြိုတင်မဲပေးနိုင်ဖို့အတွက် ဆိုးလ်မြို့ မြန်မာသံရုံးမှာ အောက်တိုဘာ ၂ ရက် ၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ နေ့စဉ် မနက် ၉နာရီခွဲ မှ ညနေ ၅ နာရီခွဲအထိ မဲရုံတွေဖွင့်လှစ်ပေးမယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
ကိုရီးယားနိုင်ငံမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ပေါင်း ၁၀၁၆၉ ယောက်ရှိတဲ့အထဲက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ပြန်ပို့တဲ့ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈၁၀ ယောက်ရှိတယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း - ထက်ဝေအောင်