Homeမြန်မာသတင်း
ရွှေကူတွင် သစ်ခိုးခုတ်မှုကြောင့် လိုင်းကြိုးများပျက်စီးပြီး နေအိမ် ၅၀၀ ခန့် လျှပ်စစ်မီးပြတ်
ရွှေကူတွင် သစ်ခိုးခုတ်မှုကြောင့် လိုင်းကြိုးများပျက်စီးပြီး နေအိမ် ၅၀၀ ခန့် လျှပ်စစ်မီးပြတ်
DVB
·
October 2, 2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မှာ တရားမဝင် ကျွန်းသစ် ခိုးခုတ်မှုကြောင့် ဓာတ်အားလိုင်းကြိုးနဲ့ ဓာတ်တိုင်တွေ ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၅၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ နောင်လက်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး က ပြောပါတယ်။
ရွှေကူမြို့နယ်၊ ကျေးတောကြီးပတ်လမ်း နောင်လက်ကြီးအုပ်စုအထဲမှာ အောက်တိုဘာ ၁ ရက်နေ့ည ၁၀ နာခွဲလောက်က တရားမဝင်ကျွန်းသစ်ခိုးခုတ်ရာကနေ ဓာတ်အားလိုင်းကြိုးတွေပေါ် လဲကျပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေရာကို ဝန်ထမ်းတွေ ချက်ချင်းလွှတ်ထားပြီး အမြန်ဆုံးဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးကျော်ကိုကိုဝင်းက ပြောပါတယ်။
လျှပ်စစ်လိုင်းမင်းအဖွဲ့ တာဝန်ရှိသူတဦးက "ဓာတ်တိုင်ပေါင်း ၄၀ ကျော်လောက်မှာ လိုင်းကြိုးလွဲချော်သွားပြီး ကြွေသီးတွေနဲ့ ဆက်စပ်ပစ္စည်းတချို့ ပြန်ပြင်ရမယ်ဗျ။ ပြင်ဆင်ရမှာတွေများတော့ တနေကုန်နီးပါးတော့ အချိန်ကြာသွားနိုင်တယ်ဗျ။ ကျနော်တို့ လူအင်အား များများသုံးပြီး ဓာတ်အားအမြန်ဆုံး ပြန်ပေးနိုင်အောင်ကြိုးစားနေပါတယ်" လို့ ပြောပါတယ်။
ရွှေကူမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက "ကျွန်းပင်ခိုးခုတ်တဲ့သူကို ကျနော်တို့ စုံစမ်းဖော်ထုတ်နေပါတယ်။ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ ပြောပါတယ်။
ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ဖို့ ငွေကြေးကုန်ကျစရိတ်မရှိဘဲ လက်ရှိ လုပ်ငန်းလုပ်ဆောင်နေတဲ့အချိန်မှာတော့ ဓာတ်အားပြတ်တောက်မှု ပြဿနာရှိနေတယ်လို့ သိရပါတယ်။
သတင်း - ကျော်ဇေယျ CJ(ရွှေကူ)