ပန်းတနော်တွင် ကြံ့ခိုင်ရေးပါတီဝန်းရံသူထောင်ချီ လှည့်လည်အင်အားပြ
DVB
·
October 1, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ကြံ့ခိုင်ရေး ပါတီကို ထောက်ခံဝန်းရံသူတွေ လူဦးရေ ၁၀၀၀ ကျော် လှည့်လည်အင်အားပြတာတွေ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်-ပုသိမ်ကားလမ်းမကြီး အတိုင်း ကျေးရွာတွေမှာ လှည့်လည်အင်အားပြတာတွေ ပြုလုပ်ခဲ့ပေမဲ့ မြို့ထဲတော့ဝင်ခွင့်မရဘူးလို့ သိရပါတယ်။
အင်အားပြထောက်ခံလှည့်လည်သူတွေဟာ မြို့ထဲမှာနေထိုင်သူတွေ မဟုတ်ဘဲ ကျေးရွာ အုပ်စုတွေမှာ နေထိုင်သူတွေဖြစ်တာကြောင့် မြို့အဝင်စစ်ဆေးရေးဂိတ်ရဲ့ စည်းကမ်းအတိုင်း ထောက်ခံစာ မပါလို့ မြို့ထဲပေး မဝင်တာဖြစ်တယ်လို့ စစ်ဆေးရေးဂိတ်တာဝန်ကျသူ က ပြောပါတယ်။
"မြို့ထဲကို ထောက်ခံစာပါမှ ဝင်ခွင့်ပြုပါတယ်၊ ခု ထောက်ခံအင်အားပြတဲ့သူတွေက တခြားကျေးရွာ တွေကဆိုတော့ မြို့ထဲအဝင်မခံတာပါ၊ မြို့ထဲကပါတီ ဝင်တွေကိုတော့ ညကတည်းက လာပြောပေးထားလို့အပြင်ထွက်ခွင့်ပေးထားပါတယ်"လို့ စစ်ဆေးဂိတ်မှာ တာဝန်ကျသူက ပြောပါတယ်။
လှည့်လည်ရာမှာ ပါဝင်ခဲ့တဲ့ ကိုနိုင်ဝေကလည်း “ မြို့ထဲကိုမဝင်ပါဘူး။ မြို့ပြင်လမ်းအတိုင်း ပန်းတနော်မြို့နယ် အဆုံးထိသွားမှာပါ၊ ဒါက ကျေးရွာတွေက ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေ လှည့်လည်အင်အားပြတာပါ၊ မြို့နယ်အဆုံးထိ သွားပြီး ကိုယ့်အိမ် ကိုယ်ပြန်မှာပါ"လို့ ပြောပါတယ်။
ပန်းတနော်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးအထိရှိနေပြီ ခုလိုအချိန်မှာ ပါတီတွေ လူစုလူဝေးနဲ့ အပြိုင်အင်အားပြလှည့်လည်မှုတွေပြုလုပ်နေတဲ့အပေါ် ရောဂါကူးစက်တာတွေ ပိုးများလာမှာကို စိုးရိမ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပန်းတနော်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း အန်အယ်လ်ဒီပါတီနဲ့ ပြည်သူ့ပါတီက ရာနဲ့ချီတဲ့ ပါတီထောက်ခံသူတွေက မြို့အတွင်း လူစုလူဝေးနဲ့ လှည့်လည်အင်အားပြခဲ့ပါတယ်။