မင်းလှမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ထပ်မံတွေ့ရှိ
DVB
·
September 29, 2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ စက်တင်ဘာ ၂၈ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၇ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။
မင်းလှမြို့နယ်၊ စစ်ကွင်း အ.ထ.က ကွာရန်တင်း စင်တာက ၁ ဦး၊ မူလွန် အင်းဘုတ်ကုန်း ကွာရန်တင်းစင်တာက ၂ ဦး၊ မူလွန် ရှားတောကွင်း ကွာရန်တင်းစင်တာက ၂ ဦး၊ မူလွန် ရေကြည် ကွာရန်တင်းစင်တာက ၁ ဦး ၊ အမက ဒီလှိုင်းကွာရန်တင်းစင်တာက ၁ ဦးတွေ့ရှိရပြီး ပိုးတွေ့သူ ၇ ဦးလုံးဟာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ မင်းလှ ကျန်းမာရေးဦးစီးဌာနက သိရှိရပါတယ်။
ဓာတ်ခွဲနမူနာ ၂၁၈ ခုကို စက်တင်ဘာ ၂၂ ရက်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)ကို ပေးပိုးစစ်ဆေးခဲ့ရာကနေ ၇ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့အားလုံးက ကွာရန်တင်းဝင်နေသူတွေဖြစ်ကာ ရန်ကုန်က ပြန်လာသူတွေ ဖြစ်ပါတယ်။
မင်းလှမြို့နယ် စစ်ကွင်းမြို့ရှိ အတည်ပြုလူနာကို စစ်ကွင်းဆေးရုံးမှာထားရှိမည်ဖြစ်ပြီး၊ ကျန်အတည်ပြုလူနာ ၆ ဦးကိုတော့ မင်းလှဆေးရုံမှာ ထားရှိမယ်လို့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
မင်းလှဆေးရုံမှာ အတည်ပြုလူနာတွေထားဖို့နေရာ ပြင်ဆင်တဲ့လုပ်ငန်းတွေကို မင်းလှ လူမှုကယ်ဆယ်ရေးအသင်းနဲ့ စေတနာရှင်ကယ်ဆယ်ရေးအသင်းတို့မှ ပူပေါင်းဆောင်ရွက်ပေးခဲ့ပြီး အတည်ပြုလူနာတွေကို သွားရောက်ခေါ်ဆောင်ရာမှာလည်း မင်းလှလူမှုကယ်ဆယ်ရေးအသင်း၊ စေတနာရှင်ကယ်ဆယ်ရေးအသင်း၊ ဖြူစင်မေတ္တာအသင်း၊ စိန်ကန့်လန့်လူမှုကယ်ဆယ်ရေး အသင်းတို့က ဆေးရုံကားတွေနဲ့ သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ မင်းလှလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်အထိ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဦး ရှိသွားပြီဖြစ်ပါတယ်။
သတင်း - သက်နိုင်ဝင်း(CJ)