အာဏာဖီဆန်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန် သေဒဏ်ချခံရပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ မေ ၂၁ ရက်က KNDF တပ်ဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးတာကို ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန် မြင်တွေ့ပြီး အကြောက်လွန်ကာ ထွက်ပြေးတဲ့အတွက် မေ ၂၈ ရက်က ရှေ့တန်းတပ်စခန်းမှာ ဖမ်းဆီးခံရပြီးနောက် မေ ၃၁ ရက်မှာ အာဏာဖီဆန်မှုနဲ့ သေဒဏ်ချခံရကာ ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကယားမှာ တာဝန်ကျနေတဲ့ ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်ကို အမိန့်မနာခံဘဲ ရှေ့တန်းစခန်းကနေ ထွက်ပြေးတာကြောင့် အာဏာဖီဆန်မှုနဲ့ မေ ၃၁ ရက်က စစ်ခုံရုံးကနေ သေဒဏ်ချလိုက်တာပါ။ သေဒဏ်ချခံရတဲ့အပြင် သူ့ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းဖို့ အမိန့်ချလိုက်တာဖြစ်ပြီး စစ်ခုံရုံးက စံပြအနေနဲ့ အခုလို ပြစ်ဒဏ်ပေးလိုက်တာပါ။ သူ့မှာ ဇနီးနဲ့ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။”
ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်ဟာ စစ်တပ်ထိပ်ပိုင်း လူကြီးတွေရဲ့ အချိတ်အဆက် ကောင်းမှုကြောင့် အရာရှိဖြစ်လာသူဖြစ်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်ကနေ ဒုတိယဗိုလ်မှူးကြီး ရာထူးတိုးပြီး ၂၀၂၂ ဇန်နဝါရီလ ပထမအပတ်မှာ ဇနီး၊ သမီးနှစ်ဦးနဲ့အတူ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ၈ မြို့နယ်ထဲက မင်းလှမြို့နယ်အခြေစိုက် ခလရ ၁ တပ်ရင်းကနေပဲ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်တွေယူပြီး တပ်ကနေ ထွက်ပြေးသွားပါတယ်။
ပဲခူးတိုင်းထဲမှာ စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒါဇင်နဲ့ချီရှိနေပြီး စစ်ကောင်စီဘက်ကတော့ ဒီနေ့အချိန်အထိ သတင်းတွေကို အမှောင်ချထားပါတယ်။