ပွဲစဉ်ဇယားကြောင့် ချဲလ်ဆီးနှင့်ပွဲကို အာရုံစိုက်နိုင်ရန် ခက်ခဲဟု မော်ရင်ဟို ပြော
DVB
·
September 29, 2020
ပွဲစဉ်ဇယားအခြေအနေကြောင့် ချဲလ်ဆီးနဲ့ ကစားမယ့် လိဒ်ဖလားပွဲစဉ်ကို အာရုံစိုက်နိုင်ဖို့ ခက်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။
စပါးအသင်းဟာ ဒီကနေ့ညမှာ EFL ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း တနင်္ဂနွေနေ့က ကစားခဲ့ရပြီး ချဲလ်ဆီးနဲ့ပွဲအတွက် ၂ ရက် ခန့်သာ ပြင်ဆင်ချိန်ရရှိတာ ဖြစ်ပါတယ်။
အခုပွဲအပြီး ၂ ရက်အကြာမှာလည်း ယူရိုပါလိဂ်ခြေစစ်ပွဲ ကစားရမှာဖြစ်လို့ ချဲလ်ဆီးနဲ့ပွဲကို အင်ပြည့်အားပြည့်နဲ့ ကစားနိုင်ဖို့ခက်တယ်လို့ မော်ရင်ဟိုက ပြောတာပါ။
EFL ဖလားကို အကောင်းဆုံးလူစာရင်းနဲ့ ယှဉ်ပြိုင်ကစားလိုပေမယ့် ယူရိုပါလိဂ်ပွဲစဉ်က ပိုပြီးအရေးကြီးတဲ့အတွက် ချဲလ်ဆီးနဲ့ပွဲမှာ အကောင်းဆုံးကစားနိုင်မယ်လို့ မထင်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။
ကြာသပတေးနေ့မှာ ယူရိုပါလိဂ် အရေးကြီးပွဲစဉ် ကစားရဖို့ရှိနေချိန်မှာ အင်္ဂါနေ့မှာလည်း လိဒ်ဖလားပွဲစဉ် ကစားစေတာက အသင်းအတွက် ပြဿနာတစ်ခု ဖြစ်စေတယ်လို့လည်း မော်ရင်ဟိုက EFL ပြိုင်ပွဲ တာဝန်ရှိသူတွေကို ဝေဖန်ခဲ့ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကနေစတင်ပြီး အောက်တိုဘာ ၂ ရက်နေ့အထိ ၁၅ ရက်အတွင်းမှာ ၇ ပွဲ ကစားရမှာ ဖြစ်ပါတယ်။