စစ်တွေမြို့နေ ပြည်သူများ စည်းကမ်းလိုက်နာမှု အားနည်းဟု ကျန်းမာရေး တာဝန်ရှိပြော
DVB
·
September 27, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကုသရေးအပိုင်းမှာ အခက်အခဲမရှိပေမဲ့ ကာကွယ်ရေးအပိုင်းမှာ ပြည်သူတွေ စည်းကမ်းလိုက်နာမှု အားနည်းတယ်လို့ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DVB ကို ပြောပါတယ်။
"ကုသရေးအပိုင်းကတော့ အခက်အခဲ သိပ်ပြီးကြီးကြီးမားမားမရှိပါဘူး။ ကုတင်တွေလည်း ပြင်ဆင်ထားတာတွေရှိတယ်။ သူ့အုပ်စုအလိုက် ခွဲထားတာဖြစ်တဲ့အတွက် အခက်အခဲမရှိပါဘူး။ ဒါပေမဲ့ ကာကွယ်ရေးအပိုင်းမှာတော့ လိုအပ်ချက်တွေများစွာရှိနေပါတယ်။ ပြည်သူတွေ စည်းကမ်းလိုက်နာမှုအပိုင်း လိုအပ်ချက်တွေရှိတယ်။ အားနည်းတယ်ပေါ့နော်။ ဆရာတို့ကတော့ လူနာရှာဖွေရေးအပိုင်းကို လုပ်နိုင်သလောက်လုပ်နေတယ်။ ဒါပေမဲ့ ရောဂါပိုးတွေ့ရှိသူတွေ အဆက်မပြတ်တွေ့နေရတဲ့အတွက် ပြည်သူတွေ လိုက်နာမှုအားနည်းနေတာ သိသာနေတယ်။"
စစ်တွေမြို့နေ ဦးကျော်ထွန်က "စျေးသွားဝယ်ကြတယ်။ ပြန်လာရင် လက်ဆေးရမယ်။ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးကတွယ်ကပ်နေနိုင်တယ်။ နောက်တခုက စျေးရောင်းသူတွေ Mask တပ်ဖို့ အလွန်လိုအပ်ပါတယ်။ စျေးရောင်းသူတွေ Mask တပ်ဆင်မှုအားနည်းတာ တွေ့ရတယ်။”
စစ်တွေပြည်သူ့ဆေးရုံက ကိုဗစ်ရောဂါပိုးပျောက်ကင်းသူ ၁၈ ဦးကို စက်တင်ဘာ ၂၆ ရက်က ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်လို့ ဆေးရုံအုပ်ကြီး ဒေါကတာဇော်လွင်က ပြောပါတယ်။
"ဒီနေ့ ၁၈ ဦးဆေးရုံကဆင်းတယ်။ စစ်တွေဆေးရုံက ဆင်းခွင့်ရသူအားလုံး ၄၈၅ ဦး ဆင်းခွင့်ရခဲ့ပြီ။ ကျန်တာတော့ ၂၀၄ ဦးကျန်နေသေးတယ်။”
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သြဂုတ် ၁၆ ရက်နေ့က CB ဘဏ်ဝန်ထမ်းအမျိုးသမီးတဦးမှာ ရောဂါပိုး စတင်တွေ့ရှိပြီးနောက် စက်တင်ဘာ ၂၆ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၆၈၉ ဦးအထိ ရှိတယ်လို့ ပြည်နယ်ကျန်မာရေးဌာနက သိရပါတယ်။
DVB