Homeမြန်မာသတင်း
မြစ်ကြီးနား ကိုဗစ်-၁၉ လူနာနှင့်အတူ ရန်ကုန်မှကားဖြင့်ပြန်လာသူများ သတင်းပို့ကြရန် နှိုးဆော်
မြစ်ကြီးနား ကိုဗစ်-၁၉ လူနာနှင့်အတူ ရန်ကုန်မှကားဖြင့်ပြန်လာသူများ သတင်းပို့ကြရန် နှိုးဆော်
DVB
·
September 26, 2020
မနေ့က စစ်ဆေးတွေ့ရှိခဲ့တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားက ကိုဗစ်-၁၉ လူနာဟာ စက်တင်ဘာ ၇ ရက်မှာ ရန်ကုန်ကနေ ရောက်လာသူဖြစ်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
သူဟာ စက်တင်ဘာ ၆ ရက်မှာ ရန်ကုန်ကနေ ထွက်လာတဲ့ High Class ခရီးသည်တင်ယာဉ် နဲ့ လိုက်ပါလာပြီး မြစ်ကြီးနားမြို့ကို ၇ ရက်နေ့မှာ ရောက်တာကြောင့် တပ်မတော် Quarantine Center မှာပဲ တိုက်ရိုက် အသွားအလာကန့်သတ်ထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကို လက်ရှိမှာ မြစ်ကြီးနား အမှတ်(၁) တပ်မတော်စစ်ဆေးရုံကြီးမှာ ကုသနေတယ်လို့လည်း ဆိုပါတယ်။
ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နော်ရှဲထာကတော့ ကားပေါ်မှာ အတူပါခဲ့သူအားလုံးကို အဲဒီအချိန်က အသွားအလာမကန့်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ခဲ့တာလို့ ဆိုပါတယ်။
သူနဲ့အတူ ကားတစီးတည်း စီးခဲ့သူတွေအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေ၊ အုပ်ချုပ်ရေးမှူးတွေဆီ အမြန်ဆုံးဆက်သွယ်သတင်းပို့ဖို့ကိုလည်း နှိုးဆော်ထားပါတယ်။