Homeမြန်မာသတင်း
ရောဂါပိုးမတွေ့သဖြင့် ရွေးကောက်ပွဲ သတင်းရေးသားနည်းသင်တန်းဆရာအပါအဝင် ၁၈ ဦး နေရပ်ပြန်ခွင့်ရ
ရောဂါပိုးမတွေ့သဖြင့် ရွေးကောက်ပွဲ သတင်းရေးသားနည်းသင်တန်းဆရာအပါအဝင် ၁၈ ဦး နေရပ်ပြန်ခွင့်ရ
DVB
·
September 26, 2020
ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့လို့ ပြည်မြို့ မင်္ဂလာဂါးဒန်းဟိုတယ်မှာ ကွာရန်တင်းဝင်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်းက သင်တန်းဆရာအပါအဝင် ၁၈ ဦး ဓာတ်ခွဲနမူနာ နှစ်ကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့တာကြောင့် စက်တင်ဘာ ၂၅ ရက်နေ့ နေရပ်ပြန်ခွင့်ရပြီလို့ သိရပါတယ်။
သူတို့ ၁၈ ဦးဟာ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့လို့ စက်တင်ဘာ ၈ ရက်နေ့က စတင်ကာ ကွာရန်တင်း ဝင်ရောက်နေကြတာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့တာပါ။
သင်တန်းဆရာဖြစ်တဲ့ ဦးဇေယျာလှိုင်က "၂၅ ရက်နေ့က ပဲခူးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာရန်နိုင်မောင်ကနေ ကျနော်တို့ စစ်ဆေးထားတဲ့ swab test အဖြေက ၁၈ ယောက်လုံး အားလုံး negative ဖြစ်တယ်လို့ အကြောင်းကြား လာပါတယ်။ ၂ ကြိမ်လုံး negative ထွက်ခဲ့တယ်။ အဲ့ဒါကြောင့် အိမ်ပြန်လာလို့ရပါပြီ။ ဒါပေမဲ့ ကျနော်တို့က ကွာရန်တင်းထဲမှာ ၁၄ ရက်မကဘဲ ၁၇ ရက် နေရတယ်။ အဲ့တော့ ၂၁ ရက်ပြည့်အောင် နောက်ထပ် ၄ ရက်ကတော့ Home Stay နေပါဆိုပြီး သေချာမှာလိုက်ပါတယ်" လို့ DVB ကို ပြောပါတယ်။
နေရန်ပြန်ဖို့ စာရွက်စာတမ်းတွေ ပြုလုပ်ပေးလိုက်တာကြောင့် ဂိတ်တွေ ဖြတ်တဲ့အခါ ပြဿနာမရှိပေမဲ့ ပဲခူးတိုင်းက ကားက ပဲခူးတိုင်းနယ်စပ်အထိပို့ပြီး ရန်ကုန်ကားက နယ်စပ်အထိ လာကြိုရတဲ့ အခက်အခဲတော့ ရှိခဲ့တယ်လို့ ဦးဇေယျာလှိုင်က ပြောပါတယ်။
သူတို့အဖွဲ့ ပြည်မြို့ကို ရောက်ပြီးနောက် ၈ ရက်မြောက်နေ့ သင်တန်းပို့ချနေချိန်မှာပဲ ကားဆရာရဲ့ အမျိုးသမီးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိပြီး ကားဆရာကို စစ်ဆေးရာမှာလည်း ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အဲဒီနောက် ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ သင်တန်းကို ထောက်ပံ့ပေးတဲ့ ANFERL အဖွဲ့က ၁ ဦးနဲ့ လက်ထောက်သင်တန်းဆရာ ၁ ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာပါ။
သတင်း - ၀ဏ္ဏထွန်း