Homeမြန်မာသတင်း
မဲဆွယ်သွားခဲ့သည့် KNDP ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် ဘားအံဒေသခံ ၆၀ ကျော် Quarantine ဝင်
မဲဆွယ်သွားခဲ့သည့် KNDP ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် ဘားအံဒေသခံ ၆၀ ကျော် Quarantine ဝင်
DVB
·
September 26, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ပါတီစည်းရုံးရေးသွားရောက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ ဒေသခံကျေးရွာသား ၆၁ ဦး ဘားအံတက္ကသိုလ် Quarantine စင်တာမှာ ဝင်ရောက်နေတယ်လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်နန်းစေအွာက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့က ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က မဲဆွယ်စည်းရုံးခဲ့တဲ့ ဘားအံမြို့နယ် ဝါးဆူးကျေးရွာကို ကော့ဒါန်းမယ်ကျေးရွာနေ ကိုဗစ်-၁၉ သံသယလူနာ လာရောက်ခဲ့တာကြောင့် အခုလို Quarantine ဝင်ရောက်တာလို့ သိရပါတယ်။
ဒေါ်နန်းစေအွာက “ကိုယ့်ပါတီက တာဝန်ခံမှု၊ တာဝန်ယူမှုအနေနဲ့ကတော့ ကျမတို့အနေနဲ့ ရွာသားတွေနဲ့ ပြန်ပြီး အတူတူဝင်ပေးတာ” လို့ ပြောပါတယ်။
ကော့ဒါန်းမယ်ကျေးရွာနေ သံသယလူနာရဲ့ ဓာတ်ခွဲနမူနာကို စက်တင်ဘာ ၂၀ ရက်နေ့ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့အတူ ကော့ဒါန်းမယ်၊ ဝါးဆူး၊ ကော့လှိုက်၊ သုံးအိမ်ကျွန်း၊ ထန်းတပင်၊ ကော့ကဒစ်ကျေးရွာသား ၄၇ ဦးအပြင် စက်တင်ဘာ ၂၆ ရက်နေ့က လူနာနဲ့ထိတွေ့ခဲ့သူတွေလို့ ယူဆရတဲ့ ကျေးရွာသား ၁၄ ဦးကိုပါ ဘားအံတက္ကသိုလ် Quarantine စင်တာမှာထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ထားပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ကိုယ်စားလှယ်လောင်းသုံးဦးရဲ့ နှာခေါင်၊ အာခေါင်း တို့ဖတ်ရယူပြီး ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ခဲ့ရာမှာ ရောဂါပိုးမတွေ့ရှိသလို ဒေသခံကျေးရွာသားတွေရဲ့ ဓာတ်ခွဲစစ်ဆေးချက်နဲ့ပတ်သက်ပြီး မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဘားအံပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၅ ဦးရှိပြီး စိုးရိမ်စရာမရှိဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။
ရဲမင်းခေါင်