Homeမြန်မာသတင်း
ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်နိုင်သည့် ကိရိယာ အခုရေ ၁ သိန်း မှာထားဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်နိုင်သည့် ကိရိယာ အခုရေ ၁ သိန်း မှာထားဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
September 26, 2020
ကိုဗစ်-၁၉ ရှိ၊ မရှိကို မြန်မြန်ဆန်ဆန် စစ်နိုင်တဲ့ ကိရိယာ အခုရေ ၁ သိန်း တောင်ကိုရီးယားနိုင်ငံကနေ မှာယူထားပြီး တောင်ကိုရီးယား အစိုးရကလည်း ဒေါ်လာ ၅ သိန်းဖိုး လှူမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မနေ့က ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြောတဲ့ မိန့်ခွန်းမှာ ထည့်ပြောသွားတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကိုရောက်မယ်လို့ ဆိုပါတယ်။
“တော်တော်များများက အထူးကုဆေးရုံတွေကိုသွားချင်ပါတယ်။ အထူးကုဆေးရုံတွေကို သွားတဲ့ခါကျတော့ အထူးကုဆေးရုံတွေမှာ လူနာတွေများပြီး ဆေးရုံကနေပြီးတော့ အားလုံးကို လုံလုံလောက်လောက် စစ်ဆေးရေးလုပ်ဖို့ဟာ ခက်လာပါတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ ပြည်သူတွေကို ခရိုင်၊ မြို့နယ် ဆေးရုံတွေကိုသွားဖို့ ဆော်သြချင်ပါတယ်။ ဒီလို ဆော်သြတာလည်း အကြောင်းမဲ့မဟုတ်ပါဘူး။ အခုဆိုရင် ကျမတို့ကနေပြီး Antigen Test Kit အဖြစ်ပေါ့နော်။ မြန်မြန်ဆန်ဆန်နဲ့ ရောဂါပိုး ရှိ၊ မရှိကို စမ်းသပ်နိုင်တဲ့၊ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ ပစ္စည်းဆေးဝါးတွေကို တောင်ကိုရီးယားနိုင်ငံကနေပြီး နိုင်ငံတော်ကနေ ၁ သိန်း မှာထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ အစိုးရကလည်း ဒေါ်လာ ၅ သိန်းဖိုး လှူမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ ဒီဟာတွေဟာ ရက်ပိုင်းအတွင်း နိုင်ငံတွင်းကို ရောက်ပါမယ်။ ခရိုင်နဲ့ မြို့နယ် ဆေးရုံတွေကို ဖြန့်ပါမယ်” လို့ ပြောပါတယ်။
အွန်လိုင်းက ဖြန့်ဝေနေကြတဲ့ ကိုဗစ်ကုသနည်း ဆိုတာတွေကို မယုံကြည်ကြဘဲ၊ အိမ်မှာ ဆေးမြီးတိုတွေနဲ့ မကုကြဖို့လည်း သူက သတိပေးပါတယ်။ ဒီလိုကုကြတာကြောင့် အချိန်လွန်မှ ဆေးရုံရောက်ရင် ကုသ ထိန်းချုပ်ဖို့ ခက်ခဲသွားတယ်လို့ ဆိုပါတယ်။
“ကာကွယ်ဆေးတွေ ထုတ်လုပ်လို့ ရခါနီးပြီလို့ ကျမ နားလည်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့ ဒီဟာမှန်ကန်တယ်လို့ သတ်မှတ်လိုက်လို့ရှိရင် ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် စောစောရနိုင်ဖို့အတွက် ကျမတို့ အခုကတည်းကစပြီး စီစဉ်နေပါတယ်” လို့ ပြောပါတယ်။
ပြီးတော့ သမားတော်ကြီးတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက နောက်တပတ်က စပြီး အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တို့မှာ တပတ်ကိုတခါ ကိုဗစ်အကြောင်း သိကောင်းစရာ အမေးအဖြေကဏ္ဍတွေနဲ့ လုပ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။