မြင်းခြံဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်- ၁၉ လူနာ ၉ ဦးသာကျန်ရှိ
DVB
·
September 22, 2020
မြင်းခြံဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ ကိုဗစ်-၁၉ လူနာ ၉ ဦးသာ ကျန်ရှိတယ်လို့ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်အထိ ဆေးရုံဆင်းခွင့်ရရှိသူ ၄၇ ဦးရှိပြီး ဆေးရုံမှာကျန်ရှိနေတဲ့ အတည်ပြုလူနာ ၉ ဦး ထဲမှာ အသက် ၈၅ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ သွေးတိုး၊ဆီးချိုရောဂါခံရှိတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်ပြီး အားလုံးရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောပါတယ်။
မြင်းခြံပြည်သူ့ဆေးရုံကနေ ဆင်းသွားတဲ့ လူနာတွေကို အိမ်မှာ တစ်ပတ်တိတိ နေဖို့နဲ့ လိုက်နာရမယ့်စည်းကမ်းချက်တွေကိုလည်း လိုက်နာဖို့ အသိပညာပေးလိုက်ပြီး ထူးခြားမှု တစ်ခုခုဖြစ်လာခဲ့ရင် အမြဲတမ်းအချိန်မရွေးဆက်သွယ်တိုင်ပင်လို့ရအောင် ဖုန်နံပါတ်တွေလည်း ပေးထားတယ်လို့ သိရပါတယ်။
ဆေးရုံကဆင်းသွားသူတွေအနေနဲ့ အိမ်မှာနေစဉ်ကာလမှာ မကြာခဏလက်ဆေးဖို့၊ သီးသန့်ခွဲနေဖို့နဲ့ လူနာလာမေးမယ့်သူတွေကိုလည်း လက်မခံသေးဖို့ ထပ်မံမှာကြားလိုက်တယ်လို့ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
သတင်း - အဂ္ဂဖြိုး