Home
မြန်မာသတင်း
ထားဝယ်တွင် ကိုဗစ်-၁၉ လူနာ ပြန်တွေ့၊ ၂ ရက်အတွင်း ၃ ဦးအထိ ရှိလာ
DVB
·
April 21, 2023
341262495_741442927520856_4155538776335740659_n

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ဧပြီ ၁၉ ရက်က ကိုဗစ်-၁၉ ကူးစက်လူနာ တယောက် တွေ့ရှိ ရတယ်လို့ စစ်ကောင်စီရဲ့ တိုင်းကျန်းမာရေးဦးစီးဌာနက ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ထားဝယ်မြို့နယ်က သံသယလူနာ ၃၉ ယောက်ကို စစ်ဆေးခဲ့ရာမှ ကိုဗစ်ကူးစက် လူနာ တယောက်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ထားဝယ်မှာ  ဒီဇင်ဘာ ၁၉ ရက်ကစပြီး ကိုဗစ်ကူးစက်ခံရသူလူနာ မရှိတော့ဘဲ ၄ လဝန်းကျင် အကြာမှာ အခုလို ကိုဗစ်ကူးစက်ခံရသူလူနာ ပြန်တွေ့လာရပါတယ်။

ဧပြီ ၁၉ ရက်က ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာဟာ ထားဝယ်တက္ကသိုလ်က အမျိုးသမီး တဦး ဖြစ်ပြီး ထားဝယ်ဆေးရုံမှာ ဆေးကုသခံယူနေရကာ ဧပြီ ၂၀ ရက်မှာလည်း ထားဝယ်မြို့က အမျိုးသား ၂ ဦးမှာ ကိုဗစ်အတည်ပြု စစ်ဆေးချက် တွေ့ရှိခဲ့ရပြီး stay at home ပုံစံနဲ့ ကုသ နေတယ်လို့ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိလူမှုကူညီကယ်ရေးအဖွဲ့ထံကသိရပါတယ်။

ဧပြီ ၁၉ နဲ့ ၂၀ ရက် ၂ ရက်အတွင်း ထားဝယ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၃ဦး ရှိလာပြီ ဖြစ်ပါတယ်။

ထားဝယ်ဒေသတွင် အခုလအတွင်း ကလေးသူငယ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံ နေပြီး အသက်သေဆုံးတဲ့အထိ ဆိုးရွာတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ လူမှုကူညီ ကယ်ဆယ်ရေး ဆောက်ရွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်အထိ ထားဝယ်မြို့နယ်၊ ဇဟာသုသာန်မှာ သင်္ဂြိုဟ်ပေးခဲ့ရတဲ့ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူပေါင်း ၆၀၁ ဦးရှိတယ်လို့ နာရေးကူညီမှု- ထားဝယ်ရဲ့ မှတ်တမ်း မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဧပြီ ၁၉ ရက်အထိ ဓာတ်ခွဲအတည်ပြု လူနာစာရင်းမှာ ပြည်ပကနေ ဝင်လာသူ ၂၄ နဲ့ ပြည်တွင်းကူးစက်မှု ၁၅  ဦး စုစုပေါင်း ၃၉ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013