ဝက်လက်မြို့နယ်၌ ခရီးသွားရာဇဝင်မရှိသည့် အသက် ၁၄ နှစ်အရွယ် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
September 22, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကံထူးကျေးရွာက အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဟာ ခရီးသွားရာဇဝင်မရှိပါပဲ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
ရွာသာကြီးကျေးရွာအုပ်စု ကံထူးရွာနေ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဟာ နေမကောင်းလို့ စက်တင်ဘာ ၁၇ ရက်က ရွာသာကြီးကျေးရွာ ပြင်ပဆေးခန်းမှာကုသပြီး သွေးလွန်တုပ်ကွေးရောဂါလက္ခဏာရှိနေခဲ့လို့ စက်တင်ဘာ ၁၉ ရက်မှာတော့ ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံကြီးကိုပြောင်းရွေ့ ဆေးကုသ စေခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၂၀ ရက် ညနေပိုင်းမှာတော့ ကျန်းမာရေးအခြေအနေသက်သာမှုမရှိလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး လွှဲပြောင်းကုသစေခဲ့တာလို့ သိရပါတယ်။
မန္တလေးဆေးရုံကြီးက ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ အတည်ပြုလူနာနဲ့ဆက်စပ်သူတွေကို ညတွင်းချင်း စုံစမ်းတာတွေလုပ်ခဲ့ပြီး အဆိုပါ လူနာဟာ ခရီးသွားရာဇဝင်လဲမရှိ အတည်ပြုလူနာနဲ့ ထိတွေ့မှု လည်း မရှိခဲ့ဘူးလို့သိရပါတယ်။
လူနာနဲ့ ထိတွေ့ခဲ့တဲ့ မြို့နယ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၈ ဦးကို Hospital Quarantine ထားရှိပြီး မိသားစုဝင်အပါအဝင် တခြားထိတွေ့သူတွေကိုလည်း Home quarantine ထားခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ အတည်ပြုလူနာနဲ့ထိတွေသူ ၂၂ ဦးရဲ့ဓာတ်ခွဲနမူနာ တွေယူပြီး PHL(mandalay) ပို့ဆောင်ထားပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ကွာရန်တင်း ဝင်နေသူပေါင်း ၄၀၀ ကျော်ရှိပြီး ရပ်/ကျေးရှိ ကွာရန်တင်းစင်တာတွေမှာ အုပ်ချုပ်ရေးမှူးတွေက စောင့်ရှောက်ပေးနေပေမဲ့ ကွာရန်တင်းဝင်နေသူတွေအတွက် သောက်ရေ လက်ဆေးရည်နဲ့ နှာခေါင်းစည်းကအစ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
သတင်း- အောင်စံလင်း