ကိုဗစ်-၁၉ လူနာ ၃ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၉၇ ဦးရှိလာ
DVB
·
September 21, 2020
ကိုဗစ်-၁၉ လူနာ ၃ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၉၇ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၄ နာရီခွဲ ထုတ်ပြန်ပါတယ်။
သေဆုံးသွားသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ၆၇ နှစ်အရွယ်အမျိုးသမီး လူနာအမှတ် ၅၃၆၇၊ ၆၈ နှစ်အရွယ်အမျိုးသမီး လူနာအမှတ် ၅၃၆၈ နဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ ကုသနေတဲ့ ၇၈ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၀၅၉ တို့ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၄၈၉၂ ခုအား စစ်ဆေးချက်အရ တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ လူနာသစ် ၅၄၂ ဦးမှာ ရန်ကုန်တိုင်းက ၄၇၇ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ၂၇ ဦး၊ ဧရာဝတီတိုင်းက ၁၂ ဦး၊ မန္တလေးတိုင်းက ၈ ဦး၊ နေပြည်တော်က ၆ ဦး၊ ပဲခူးတိုင်းက ၅ ဦး၊ မကွေးတိုင်းက ၄ ဦး၊ စစ်ကိုင်းတိုင်းက ၂ ဦးနဲ့ မွန်ပြည်နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ညနေ ၄ နာရီခွဲအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅,၈၀၅ ဦး၊ သေဆုံးသူ ၉၇ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၁,၂၆၀ နဲ့ စောင့်ကြည့်လူနာအသစ် ၃၉၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။