မြင်းခြံဆေးရုံက ကိုဗစ်-၁၉ လူနာ နောက်ထပ် ၁၈ ဦး ဆေးရုံမှဆင်း
DVB
·
September 21, 2020
မြင်းခြံခရိုင်ဆေးရုံကြီးမှာတက်ရောက်ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာတွေအထဲက ပြန်လည်ကောင်းမွန်လာသူ ၁၈ ဦး စက်တင်ဘာ ၂၁ ရက်က ဆေးရုံမှ ဆင်းခွင့်ရသွားပြီလို့ ဆေးရုံအုပ်ကြီးဒေါက်တာထွန်းဝင်းက ပြောပါတယ်။
“ကိုဗစ်အတည်ပြုလူနာ ၅၆ ယောက်ဆေးရုံတက်ရောက်ကုသမှု ခံယူနေတာဖြစ်ကာ စက်တင်ဘာ ၁၈ ရက်က ၇ ဦးဆင်းပြီး စက်တင်ဘာ ၁၉ ရက်က ၁ ဦး၊ စက်တင်ဘာ ၂၀ ရက်က ၁၉ ဦး၊ စက်တင်ဘာ ၂၁ ရက် ဒီနေ့မှာ ၁၈ ဦးဆေးရုံဆင်းတာကြောင့် ခုထိ ကိုဗစ်လူနာ ၄၅ ဦး ဆေးရုံဆင်းခွင့်ရတာ” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့ လူနာ ၁၈ ဦးဟာ ဆေးရုံဆင်းခွင့်ရပေမဲ့ မိမိတို့ရဲ့နေအိမ်မှာ ၇ ရက် ဆက်လက်အနားယူရမှာဖြစ်ပြီး တစ်ကိုယ်ရေအသုံးအဆောင်တွေ သီးသန့်ထားရှိရမှာဖြစ်ကြောင်း၊ မိသားစုနဲ့ ရောနှောနေထိုင်ခြင်းမပြုဘဲ သီးသန့်နေထိုင်ဖို့ အထူးမှာကြားလိုက်တယ်လို့ သိရပါတယ်။
ဆေးရုံဆင်းသူတွေကို အိမ်မှာ ၇ ရက်နေထိုင်ရေး၊ အသိပညာပေးမှာကြားပြီး ခေါက်ဆွဲခြောက်တစ်ပါကင်၊ mask တစ်ဘူး၊ Face Shield တစ်ခု၊ ဆပ်ပြာ တစ်တုံး၊ နှင်းဆီပန်းတစ်ပွင့်စီ ပေးအပ်ခဲ့တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူ ဦးညီညီအောင်ကပြောပါတယ်။
ဆေးရုံဆင်းသူတို့ကို မြင်းခြံနာရေးကူညီမှုအသင်း၊ အဖြူရောင်လက်များ ပရဟိတ အသင်းကားတွေနဲ့ အိမ်အရောက်ပို့ဆောင်ပေးကြပါတယ်။
မြင်းခြံဆေးရုံမှာတက်ရောက်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၅၆ ဦးရှိခဲ့တဲ့ အထဲ အခုဆိုရင် ၄၅ ဦး ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ၁၁ ဦး ဆက်လက်ကုသမှုခံယူနေပါတယ်။
သတင်း - ဇာဇာမောင်