နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌနေအိမ် လက်ပစ်ဗုံးဖြင့် အပစ်ခံရ
DVB
·
September 20, 2020
အစိုးရရုံးစိုက်ရာနေရာဖြစ်တဲ့ နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ နေအိမ်ခြံဝင်းထဲမှာ အိမ်နီးချင်းနိုင်ငံထုတ် လက်ပစ်ဗုံး တွေ့ရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်မှာ အဲဒီမြို့နယ်ကော်မရှင်ဥက္ကဋ္ဌ နေအိမ် ခေါင်မိုးပေါ်ကနေ အရာဝတ္ထုတစ်ခုခုနဲ့ ပစ်ပေါက်သံကြားတဲ့အတွက် ခြံဝင်းထဲ စစ်ဆေးတဲ့အခါမှာ လက်ပစ်ဗုံးကို တွေ့ရလို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိကို အရင်ဆုံး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဦးစီးအရာရှိက ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က နေပြည်တော်တိုင်း မိုင်းရှင်းလင်းရေးအဖွဲ့တို့ သွားရောက် စစ်ဆေးတဲ့အခါမှာ လက်ပစ်ဗုံး မှန်ကန်ကြောင်း တွေ့ရှိခဲ့တာလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။