နေပြည်တော်တွင် ကိုဗစ်ပိုးတွေ့လူနာ ၅၇ ဦး ရှိလာ
နေဖြိုးဝင်း
·
September 17, 2020
နေပြည်တော် မြို့နယ် ၈ မြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူ လူနာ ၅၇ ဦးရှိလာပြီး ပိုးတွေ့လူနာအများဆုံး ဇမ္ဗူသီရိမြို့နယ်က ဝန်ထမ်းအများစု ပါဝင်တယ်လို့ သိရပါတယ်။
နေပြည်တော်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှု အခြေအနေ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်သူအခြေအနေတွေ နဲ့ ပတ်သက်လို့ နေပြည်တော်ကောင်စီက စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်ချက်အရ နေပြည်တော် ၈ မြို့နယ်အတွင်းမှာ ဇမ္ဗူသီရိမြို့နယ်က ပိုးတွေ့လူနာ ၃၆ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။
နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “အခုလက်ရှိ ဇမ္ဗူသီရိမြို့နယ်က ပိုးတွေ့လူနာ ၃၆ ဦးထဲမှာ ဝန်ထမ်းတွေများပါတယ်” လို့ ပြောပါတယ်။
နေပြည်တော် ၈ မြို့နယ်အတွင်း ပိုးတွေ့လူနာနာတွေကတော့ ဇမ္ဗူသီရိက ၃၆ ဦး၊ ဒက္ခိဏသီရိ ၇ ဦး၊ ဥတ္တရသီရိ ၆ ဦး၊ ပုဗ္ဗသီရိ ၄ ဦး၊ ဇေယျာသီရိ ၁ ဦး၊ ပျဉ်းမနား ၁ ဦး၊ လယ်ဝေး ၁ ဦးနဲ့ တပ်ကုန်း ၁ ဦး စုစုပေါင်း ၅၇ ဦးဖြစ်ပါတယ်။
အဲဒီထဲက ဆေးရုံက ဆင်းခွင့်ရသူ ၃ ဦးသာရှိပါသေးတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
“ပိုးတွေ့လူနာထဲက ပြန်ကောင်းလို့ ဆေးရုံက ဆင်းတာ ၃ ဦးပဲ ရှိသေးတယ်။ ပိုးတွေ့တာလည်း နှစ်ပတ်လောက်ပဲရှိသေးတာဆိုတော့ နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနဲ့ ဆေးရုံဆင်းတာတွေရှိလာမှာပါ။ ကျနော်တို့ ပြောနိုင်တာေနေ ပြည်တော်မှာ ပိုးတွေ့တဲ့ လူနာတွေထဲမှာ ဆိုးဆိုးဝါးဝါး တစ်ယောက်မှ ခံစားရတာမရှိသေးပါဘူ။”
ဒါ့အပြင် နေပြည်တော်ရှိ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို ကိုဗစ်ပိုး ရှိ မရှိ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်စစ် ဆေးနေပြီး ပိုးတွေ့လူနာမရှိသေးဘူးလို့ ဆိုပါတယ်။
“ဝန်ကြီးဌာနတော်တော်စုံပါပြီ။ ၁၅ ခုလောက်ရှိပါပြီ။ အဲဒါလေး စစ်ပေးနေပါတယ်။ အခု စစ်ပေးနေတာ သုံးရက်ကို ဦးရေ ၁၀၀၀ ကျော်ရှိပါပြီ။ အဲမှာ Positive တွေ့တာမရှိသေးပါဘူး။ စစ်တဲ့အထဲမှာ အဆင့်ပေါင်းစုံတော့ ပါဝင်ပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
နေပြည်တော်အတွင်းမှာ အသွားအလာကန့်သတ်စောင့်ကြည့်သူဦးရေ ၁၁၉၇ ဦးရှိပြီး ပြည်ပပြန်၊ ပြည်တွင်းခရီးသွားနဲ့ Contact ဦးရေ ၁၇၁၁ ဦးရှိပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်ပိုးတွေ့လူနာ ၃၈၉၅ ဦးနဲ့ သေဆုံးသူ ၅၇ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။