ဇေယျာသီရိက အန်အယ်လ်ဒီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးသူ ဖမ်းဆီးရမိ
DVB
·
September 14, 2020
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမဲဆန္ဒနယ်အတွင်း စိုက်ထူထားတဲ့ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ် ဖျက်ဆီးသူကို ဖမ်းဆီးရမိပြီး ဖြစ်တယ်လို့ ရေဆင်းမြို့နယ် ရဲစခန်းမှူးက ပြောပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ဆိုင်းဘုတ်ကို ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာနေ ဦးဇော်ဝင်းဆိုသူရဲ့ နေအိမ်ရှေ့မှာ စက်တင်ဘာ ၈ ရက် က စိုက်ထူခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မှာတော့ ဖျက်ဆီးခံခဲ့ရတာပါ။
ဖျက်ဆီးသူဟာ ဆိုင်းဘုတ်စိုက်ထူထားတဲ့ နေအိမ်ရှေ့ မျက်နှာချင်းဆိုင်ကျောင်းမှာ ဝေယျာဝစ္စလုပ်ကိုင်ပေးနေသူဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
“ သူ့ရဲ့သူငယ်ချင်းတွေ ပြောပြချက်အရ သူက လက်ဆော့တတ်တယ်ပေါ့။ တခုခုဆိုရင်လည်း ကတ်ကြေးနဲ့ ဖြန်းခနဲ၊ ဖြန်းခနဲ ဖြတ်တတ်တဲ့ အကျင့်ရှိတယ်တဲ့။ သူ့သူငယ်ချင်းတွေ ပြောပြချက်အရပေါ့၊ ညဘက်ပိုင်းမှာ ဘုန်းကြီးကျောင်းက ကတ်ကြေးကို ယူပြီး အောက်ဘက်ကနေ ဆွဲဖြတ်ပြီး အပေါ်ဘက်ကို ဝိုက်ဖြတ်လိုက်တာ၊ တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေချက်တော့ မပါဘူး။”လို့ ရေဆင်းမြို့နယ် စခန်းမှူးက ပြောပါတယ်။
အောင်နိုင်ရေးဆိုင်းဘုတ်ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ဇေယျာသီရိမြို့နယ်ရဲ့ အန်အယ်လ်ဒီ ဥက္ကဋ္ဌက ရေဆင်းရဲစခန်းမှာ အမှုဖွင့်ထားခဲ့တာပါ။
ဆိုင်းဘုတ်ကို ထောင်ဖို့ စီစဉ်ခဲ့စဉ်ကလည်း ကြို့ပင်ရွာအတွင်းက လူတချို့က လာရောက် တားဆီးမှုတွေရှိခဲ့ပြီး အခုဖြစ်စဉ်မှာ ဖမ်းဆီးရမိတဲ့ လူငယ်အနေနဲ့ သူ့သဘောနဲ့ သူဆောင်ရွက်တယ်ဆိုတာကိုတော့ သဘောမတူဘူးလို့ ဇေယျာသီရိမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးသက်ထွေးက ပြောပါတယ်။
“ ဒါကတော့ မဖြစ်နိုင်ပါဘူး။ ကျနော်ထင်ပါတယ်။ ဒီဟာက နောက်က မြှောက်ပေးတဲ့သူ ရှိလို့ပါ။ ဒီအရွယ်က ဒီလိုလုပ်တဲ့အရွယ်မဟုတ်ပါဘူး။ သူ့နောက်ကွယ်က ခိုင်းတဲ့သူရှိပါတယ်။”
အခုဖမ်းဆီးရမိတဲ့ လူငယ်နဲ့ ပတ်သက်ပြီး ရေဆင်းရဲစခန်းအနေနဲ့ ရဲလုပ်ငန်းစဉ်ပြီးသွားပါက ဥပဒေအကြံပြုချက်တောင်းခံပြီး တရားစွဲတင်သွားမယ်လို့လည်း ဆိုပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ဆိုင်းဘုတ်အဖျက်ခံရတဲ့ ကြို့ပင်ရွာဟာ အိမ်ခြေစုစုပေါင်း ၁၇၀ ခန့်ရှိပြီး အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ထက်ဝက်ဆီလောက် နေထိုင်တဲ့ရွာလည်း ဖြစ်ပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အန်အယ်လ်ဒီပါတီက ဒေါက်တာမိုးဆွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ပြိုင်မှာပါ။
ဇေယျာသီရိမဲဆန္ဒနယ်အတွင်း အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ပတ်သက် ပြီးလည်း ကိုဗစ်စည်းကမ်းနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဦးသန်းဌေးက စက်တင်ဘာ ၉ ရက်က ဝေဖန်ပြောထားပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်နဲ့ ချင်းပြည်နယ် ဟားခါးက အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေလည်း ဖျက်ဆီးခံထားရပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)