ရန်ကုန်က လမ်းအချို့ ပိတ်ဆို့ထားမှု လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးများ လိုက်လံစစ်ဆေး
DVB
·
September 13, 2020
ရန်ကုန်က ရပ်ကွက်တချို့မှာ လမ်းတွေကို ပိတ်ဆို့ထားတာ မရှိစေဖို့ မနေ့ညက ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေ လိုက်လံစစ်ဆေးခဲ့ပါတယ်။
ရန်ကုန်တိုင်းက ၄၄ မြို့နယ်ကို တိုင်အပြင်မထွက်ရ အမိန့်ထုတ်ပြီးနောက်ပိုင်း ရပ်ကွက်တွေအလိုက် လမ်းတွေကို ပိတ်တာ၊ အဝင်အထွက် ကန့်သတ်တာတွေ လုပ်ကြလို့ လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုနေခဲ့ပါတယ်။
ဒီနောက်မှာတော့ မနေ့ညက ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ဟာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေထဲက ဗဟန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တို့ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ကမ္ဘာအေးဘုရားလမ်းတလျှောက်နဲ့ ပြည်လမ်းတလျှောက်က လမ်းသွယ်တွေရဲ့ အဝင်အထွက်တွေကို လမ်းအလိုက်၊ အပိုင်းအလိုက် ကန့်သတ်ပိတ်ဆို့တားမြစ်တာတွေ မရှိစေဖို့၊ ရပ်ကွက်နေပြည်သူတွေ၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တိတိကျကျ လိုက်နာရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေနဲ့အတူ ကွင်းဆင်းတာလို့ ဆိုပါတယ်။
ကိုဗစ်ပထမလှိုင်းတုန်းကလည်း ဒီလို လမ်းတွေပိတ်ဆို့တာ မလုပ်ကြဖို့ ရန်ကုန်တိုင်း ကိုဗစ်ကာကွယ်တုံ့ပြန်ရေးကော်မတီက စာနဲ့ထုတ်ပြန်တားမြစ်ခဲ့ပါသေးတယ်။