Homeမြန်မာသတင်း
နိုင်ငံရေးပါတီအလံများ ပါတီရုံးများ၌သာ စိုက်ထူခွင့်ရှိဟု မွန်ရွေးကောက်ပွဲ ကော်မရှင်ပြော
နိုင်ငံရေးပါတီအလံများ ပါတီရုံးများ၌သာ စိုက်ထူခွင့်ရှိဟု မွန်ရွေးကောက်ပွဲ ကော်မရှင်ပြော
DVB
·
September 11, 2020
နိုင်ငံရေးပါတီအလံတွေကို သက်ဆိုင်ရာ ပါတီရုံးတွေမှာပဲ စိုက်ထူခွင့်ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။
မွန်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်နေ့က မော်လမြိုင်မှာ ပြုလုပ်ခဲ့တာပါ။
စေ့စပ်ညှိနှိုင်းရေး ကော်မတီကိုတော့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ ၁၇ ခု အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဖွဲ့စည်းထားတာပါ။
ဒီအစည်းအဝေးမှာတော့ နိုင်ငံရေးပါတီ လိုက်နာရမယ့် ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းတွေအပါအဝင် ကိုဗစ်ကာလ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ အသိပေးရှင်းလင်းခဲ့တာပါ။
အစည်းအဝေးမှာ နိုင်ငံရေးပါတီအနေနဲ့ ပါတီအလံတွေကို သက်ဆိုင်ရာ ပါတီရုံးတွေမှာပဲ စိုက်ထူခွင့် ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က အသိပေးခဲ့တာပါ။
“ပါတီအလံတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပါတီရုံးတွေမှာသာ ပါတီအလံတွေ ထောင်လို့ရမှာဖြစ်တယ်ဆိုတာ ကျနော်တို့ ညွှန်ကြားချက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတာဖြစ်ပါတယ်။ ဒါကိုလည်း ပါတီဝန်းရံထောက်ခံသူတွေကို သိရှိအောင်ပြောမှ အဆင်ပြေပါလိမ့်မယ်။ နောက်တခု ကားတွေမှာ ရ မရဆိုတဲ့ ကိစ္စကတော့ ပြည်ထောင်စုကို မေးမှ ဖြစ်မယ်။ တချို့ကျတော့ စတစ်ကာကမ်ပိန်းကတော့ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စတစ်ကာကမ်ပိန်း အလံကို ဖြေနေတာ ဖြစ်ပါတယ်။ စတစ်ကာကမ်ပိန်းကိုတော့ ခွင့်ပြုပေးထားပါတယ်။ ”
ပါတီအလံစိုက်ထူခွင့်နဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တွေကို အသေးစိတ် ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီအနေနဲ့ ကိုဗစ်ကာလ မဲဆွယ်စည်းရုံး လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေက လိုက်နာပေးကြဖို့ ကော်မရှင်က ထပ်မံသတိပေးခဲ့ပါတယ်။
နိုင်ငံရေး ပါတီအလံတွေကို သက်ဆိုင်ရာ ပါတီရုံးတွေမှာပဲ စိုက်ထူခွင့်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ ၂၀၁၀ ကတည်းက ညွှန်ကြားထားတာပါ။
နိုင်ငံရေးပါတီတွေဟာ ပါတီမှတ်ပုံတင်ကတည်းက ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါမယ်လို့ ခံဝန်ကတိ လက်မှတ်ရေးထိုးထားကြပါတယ်။
သတင်း - ဇော်လွင်ထွဋ်