မန္တလေးမြို့က ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်း
DVB
·
September 11, 2020
မန္တလေးမြို့ ဝင်၊ ထွက်နေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ယာယီရပ်ဆိုင်းဖို့ စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းမှာပြုလုပ်တဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်တွင်းကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ယာယီရပ်ဆိုင်းလိုက်တာလို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖေ့စ်ဘွတ်ခ်မျက်နှာမှာ ရေးသားထားပါတယ်။
ကုန်တင်ပို့ဆောင်တဲ့ ယာဉ်တွေကို ရမည်းသင်းမြို့အထိပဲ ဝင်ခွင့်ပြုသွားမှာဖြစ်ပြီး လူရော ကားပါ ပြောင်းလဲပြီး တိုင်းဒေသကြီးအတွင်း တဆင့်သယ်ယူခွင့်ပြုသွားမယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေနဲ့ တခြားအရေးပေါ်ကိစ္စရပ်တွေက လွဲရင် ပြည်တွင်းခရီးသွားလာခြင်းကို မပြုလုပ်ကြဖို့နဲ့ မဖြစ်မနေ ခရီသွားရမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်တွေကိုလိုက်နာဖို့ကိုလည်း ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။
သတင်း- ခင်ပြည့်စုံဝင်း