တာမွေမြို့နယ်၌ ကျန်းမာရေးစစ်ဆေးရာတွင် အပူချိန်မြင့်တက်နေသူ ၁၀ ဦးခန့်တွေ့ရှိ
ဆုဆုသွယ်
·
September 9, 2020
ရန်ကုန်တိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံးရှိထားတဲ့ မြို့နယ်တွေမှာ ပါဝင်တဲ့ တာမွေမြို့နယ်မှာ စက်တင်ဘာ ၉ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး မိုဘိုင်းကားတွေနဲ့ ကျန်းမာရေးစစ်ဆေးရာမှာ နတ်ချောင်းရပ်ကွက်မှာ အပူချိန်မြင့်တက်နေသူ ၁၀ ဦးနီးပါး တွေ့ရှိထားတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။
အပူချိန်မြင့်တက်နေတဲ့သူတွေဟာ နေပူထဲက လာရတဲ့အတွက် အပူချိန်မြင့်တာ ဖြစ်နိုင်သလို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတဲ့အတွက် ဖြစ်နိုင်လို့လည်းဆိုပါတယ်။
အပူချိန်မြင့်တက်နေတဲ့သူတွေကိုတော့ နာရီဝက် တစ်နာရီနီးပါးလောက် အနားပေးပြီးတော့ နောက်ထပ်တစ်ကြိမ် အပူချိန်ပြန်လည်တိုင်းတာသွားမှာဖြစ်ပြီး နောက်ကြိမ်တိုင်းတာလို့ အပူချိန် မြင့်တက်နေမယ်ဆိုရင်တော့ သက်ဆိုင်ရာက ကျန်းမာရေးစောင့်ရှောက်ပေးသွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။
တာမွေမြို့နယ်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံးတွေ့တဲ့ ရပ်ကွက် ၁၀ ခုမှာ ကျန်းမာရေး စစ်ဆေးပေးနေတာဖြစ်ပြီး လူ ၁ သိန်းကျော် စစ်ဆေးနိုင်ဖို့မျှော်မှန်းထားပါတယ်။
သတင်း - ဆုဆုသွယ်