သင်္ဃန်းကျွန်းနေ ပြည်သူ ၉၆၀၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးရာ ကိုဗစ်-၁၉ သံသယမတွေ့
ညီငယ်
·
September 9, 2020
ရန်ကုန်တိုင်းထဲက ကိုဗစ်-၁၉ ပိုးတွေ့သူအများဆုံး မြို့နယ်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူ ၉၆၀၀၀ ကျော်ကို မနေ့က ကျန်းမာရေးစစ်ဆေးရာမှာ ကိုဗစ်-၁၉ သံသယမတွေ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဒီဗွီဘီကိုပြောပါတယ်။
မနေ့က သင်္ဃန်းကျွန်းမြို့နယ်ရှိရပ်ကွက် ၁၀ ခုက ပြည်သူ ၉၆၀၀၀ ကျော်ကို ကား ၁၀ စီးနဲ့ သတ်မှတ်နေရာတွေမှာ အပူချိန်တိုင်းတာတွေ၊ ဖျားနာခြင်း၊ နှာစေးခြင်း၊ အသက်ရှုကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်ဆေးပေးခဲ့ပြီးနောက် ဖျားနာလို့ လာပြတဲ့သူ ၅ ယောက်ရှိပြီး၊ သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ ဆေးရုံက ဖျားတာလို့ပြောပြီး ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။
မြန်မာပြည် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ပိုးတွေ့လူနာ များပြား လာတဲ့ သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတစတဲ့မြို့နယ်တွေက ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးပေးတာတွေ ဆက်လုပ်ပေးသွားမယ်လို့ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနတွေက ပြောပါတယ်။
ပိုးတွေ့လူနာများတဲ့ မြို့နယ်တွေကို ကျန်းမာရေးစစ်ဆေးတာအပြင် ဒိထက်ပိုပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးစေချင်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၀၇ ယောက်ရှိပြီး ဒီထဲက ရန်ကုန်တိုင်းမှာ ၉၇၁ ယောက်ပါဝင်ကာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေထဲမှာတော့ သင်္ဃန်းကျွန်းမြို့နယ်ဟာ ကူးစက်မှုအရှိန်မြင့်တဲ့ကာလ သြဂုတ် ၂၇ ရက်ကနေ ဒီမနက်အထိ လူနာပေါင်း ၁၇၀ နဲ့ အများဆုံးတွေ့ရပါတယ်။