ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက်က လူတဦး ရေနစ်သေဆုံးခဲ့ပြီး မရမ်းကုန်းမြို့နယ်မှာ အမျိုးသားတဦး ဆောက်လက်စတိုက်ပေါ်က ပြုတ်ကျ သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ လက်ဆယ်ကန်မှာ နေ့လယ် ၁ နာရီခွဲလောက်က အသက် ၂၅ နှစ်ကျော်အရွယ်ရှိ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို မြို့နယ်မီးသတ်က ဆယ်ယူရရှိခဲ့ပါတယ်။
အနီးအနား နေထိုင်သူတွေရဲ့ ပြောပြချက်အရ သေဆုံးသူဟာ လေးထောင့်ကန်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အဲဒီနေ့ ၁၂ နာရီခွဲလောက်က ရေကန်ထဲ ခုန်ဆင်းသွားတာကို မြင်လိုက်ရကာ သေဆုံးလျက် ပြန်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “၁၂ နာရီ ၄၅ လောက်မှာ လူတဦး ရေထဲဆင်းသွားပြီး ပြန်ပေါ်မလာဘူးလို့ သိရတာပါ။ DB တော့ တွေ့ပါပြီ။ မိသားစုနဲ့တော့ ဆက်သွယ်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
ရုပ်အလောင်းရှာဖွေရေးကို သင်္ဃန်းကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ကြပြီး Medical လူငယ်များအသင်းယာဥ်နဲ့ သင်္ဃန်းကျွန်း စံပြပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ ဆောက်လက်စ ၅ ထပ်တိုက်ပေါ်ကနေ ဆောက်လုပ်ရေးလုပ်သား အမျိုးသား ၁ ဦး မနက် ၈ နာရီခွဲလောက်မှာ ပြုတ်ကျခဲ့ပါတယ်။
ထိခိုက်မိသူဟာ လှိုင်သာယာမြို့နယ်ကနေ အလုပ်လာလုပ်ကိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးမင်းနိုင် ဖြစ်ပြီး တိုက်မှာဆင်ထားတဲ့ ငြမ်းတွေကို လုံခြုံရေးကိရိယာမပါဘဲ တက်ဖြုတ်ရာကနေ မြေပြင်ကို ပြုတ်ကျခဲ့ကာ ဦးခေါင်းထိခိုက်မှု ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “ပြုတ်ကျတာက ၅ ထပ်တိုက်ရဲ့ ၄ လွှာလောက်ကနေပါ။ သူက ဒီဆိုက်မှာ ဆေးလာသုတ်တာ။ ခေါင်းပွင့်ထွက်၊ ခါးရိုးကျိုး ဒဏ်ရာ ရထားတယ်။ ဆေးရုံမှာပဲ အရောင်ပြောင်းတာပါ” လို့ ပြောပါတယ်။
လူနာကို ရတနာဖြိုး ကယ်ဆယ်ရေးအသင်းယာဉ်နဲ့ အင်းစိန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူနေချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ရန်ကုန်၊ လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် မနက်အစောပိုင်း ၃ နာရီလောက်ကလည်း ကွန်ဒို ၉ လွှာကနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး ပြုတ်ကျသေဆုံးခဲ့ပါတယ်။