ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ ပန်းရိုက်လမ်းမှာရှိတဲ့ EFF ဂက်စ်သိုလှောင်ရုံအနီးမှာ မတ် ၂၄ ရက် မနက်ပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရပ်ကွက်နေသူတွေထံက သိရပါတယ်။
ပန်းရိုက်လမ်းမှာရှိတဲ့ EFF ဂက်စ်သိုလှောင်ရုံအနီးက နေအိမ်တလုံးအတွင်း မနေ့မနက် ၁၀ နာရီခွဲက လူမရှိဘဲ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ခဲ့ရာက နေအိမ်တွေ မီးကူးစက်လောင်ခဲ့ကြောင်း ဝိုင်းဝန်းကူညီခဲ့သူတဦးက ပြောပါတယ်။
“မီးလောင်တာက ဂက်စ်တွေသိုလှောင်တဲ့ နေရာနားက ပေ ၅၀ ပတ်လည် ခြံဝင်းထဲမှာ အိမ်တွေအများကြီး ဆောက်ထားတဲ့ဆီကပါ။ လမ်းကကျဥ်းတော့ မီးသတ်ကားတွေ လမ်းထဲဝင်မရလို့ ဂက်စ်သိုလှောင်ရုံဝင်းထဲကနေ ငြှိမ်းသတ်ခဲ့ရတာပါ။ ဂက်စ်ရုံဘက်ကို ကူးလာလို့ကတော့ တရပ်ကွက်လုံး မတွေးဝံ့စရာပဲ။”
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ခင်း နှစ်ထပ်နေအိမ် ကိုးလုံးနဲ့ သွပ်မိုး၊ ပျဥ်ခင်း တထပ်နေအိမ် တလုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၂၂ ဦး မီးဘေးသင့်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ မီးဘေးသင့်အိမ်ထောင်စု ခြောက်စု၊ လူဦးရေ ၂၂ ဦးကို ပန်းရိုက်လမ်းရှိ ရှင်ဥပဂုတ္တရဟန္တာကျောင်း ဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်းဖွင့်ကာ ခေတ္တနေထိုင်နေကြကြောင်းနဲ့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ရှင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးစိုးကို သုဝဏ္ဏနယ်မြေရဲစခန်းက ပေါ့ဆမီးသုံးစွဲမှုဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။