ကျောက်ဖြူခရိုင်ဆေးရုံကြီးရှိ ကိုဗစ်-၁၉ လူနာ ၃ ဦး ဆေးရုံမှဆင်းခွင့်ရ
DVB
·
September 8, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အမှတ် ၄၇၉၊ လူနာ ၄၈၀ နဲ့ လူနာ ၄၈၁ တို့ ၃ ဦး ရောဂါသက်သာပျောက်ကင်းသွားလို့ စက်တင်ဘာ ၈ ရက်မှာ ဆေးရုံကဆင်းခွင့်ရသွားပြီလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ဆေးရုံကဆင်းပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့ အညီ ဆက်လက် နေထိုင်ရမှာဖြစ်တယ်လို့လည်း ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေဟာ တဖြည်းဖြည်းတိုးလာနေပေမယ့် ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုပေးနေပြီး တက်ရောက်ကုသနေသူတွေအားလုံးဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့မှာ သြဂုတ် ၂၅ ရက်နေ့ကစတင်ပြီး စက်တင်ဘာလ ၈ ရက်နေ့မနက်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၇၅ ဦးထိရှိလာပြီး ပိုးတွေ့ရှိသူတွေအထဲက ၂၄ ဦးမှာတော့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်လို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။
သတင်း-နောင်နောင်