ကော့မှူး NLD ဥက္ကဋ္ဌ အပါအဝင် ၃ ဦးတွင် ပိုးတွေ့ ၊ ပါတီဝင်၂၃ ဦးကို အသွားအလာကန့်သတ်
ညီငယ်
·
September 7, 2020
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ခြံအမှတ် ၅၄ က ကိုဗစ်-၁၉ ပိုးတွေနဲ့လူနာနဲ့ ဆက်စပ်ပြီး ကော့မှူးမြို့နယ် NLD ပါတီဥက္ကဋ္ဌ အပါအဝင် ၃ ဦး ရောဂါပိုးကူးစက်ခံရတယ်လို့ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က ပြောပါတယ်။
"အခုနောက်ပိုင်း ကူးစက်မှုနှုန်း အရမ်းမြန်တော့ ဘယ်လမ်းကြောင်းကနေ ဘယ်လိုကူးစက်တယ်ဆိုတာ မသိရဘူး။ ကွင်းဆက်က ဘယ်ကလာတယ်ဆိုတာ မသိရဘူး။ ကျနော်တို့တွေက ထိတွေ့နေရတဲ့သူဆိုတော့ စောင့်ကြည့်ခံရတာပေါ့။ "လို့ ဦးဇော်မင်းအောင်က ပြောပါတယ်။
အခုကူးစက်ခံရတဲ့ ကော့မှူးမြို့နယ် NLD ပါတီဥက္ကဋ္ဌ အပါအဝင် ၃ ဦးနဲ့ဆက်စပ်ထိတွေ့မှုရှိခဲ့တဲ့ ပါတီဝင် ၂၃ ဦးရှိကြောင်း သူကပြောပါတယ်။
ပိုးတွေ့လူနာသုံးဦးစလုံးကတော့ အမျိုးသားတွေဖြစ်ပြီး လူနာအမှတ် (၁၄၆၁) ၊ (၁၄၆၂)နဲ့ (၁၄၆၃) တို့ ဖြစ်ကြပါတယ်။
ခြံအမှတ် (၅၄) က ပိုးတွေ့လူနာကို မနေ့ကတွေ့ခဲ့တာဖြစ်ပြီး သူနဲ့ ဆက်စပ်ပြီး ကူးစက်ခံ ကော့မှူးမြို့နယ် NLD ပါတီဥက္ကဋ္ဌ အပါအဝင် ၃ ဦးနဲ့ဆက်စပ်ပြီး ထိစပ်ခဲ့သူ ၂၃ ဦးကိုလည်း ကော့မှူးမြို့နယ် အ.ထ.က ကျောင်းမှာ ကွာရန်တင်းထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနက်ဖန် ကော့မှူးမြို့နယ်ကိုသွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဒီကနေ့မနက် အွန်လိုင်းကပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ သူ့ရဲ့ နေအိမ်ခြံဝင်းမှာ ကိုဗစ်-၁၉ ရောဂါ တွေ့တာနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်လိုက်ပါတယ်။