ကိုဗစ်-၁၉ ကူးစက်မှု တိုးလာသဖြင့် မြင်းခြံ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှု ရပ်နား
DVB
·
September 6, 2020
မြင်းခြံမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိရှိလာတဲ့အတွက် မြင်းခြံမြို့ကို ဗဟိုပြုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအား စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပြေးဆွဲမှုရပ်နားလိုက်တယ်လို့ မြင်းခြံ HELLO ကားအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ကနေစပြီး မြင်းခြံကနေ ထွက်တဲ့ကားမရှိဘဲ မန္တလေးအဝင်တွေသာ ရှိပြီး နောက်ရက်ကစလို့ မြင်းခြံမြို့ကို အဝင်အထွက်ကားတွေ ရှိမှာမဟုတ်ဘူးလို့ OK ကားဂိတ် တာဝန်ခံက ပြောပါတယ်။
ခရီးသွားလာတဲ့အခါ ကျန်းမာရေးနဲ့ ရပ်ကွက်ထောက်ခံစာ ပါရှိရမယ်ဆိုတာကြောင့် ခရီးသည်တင်ကားစီးဖို့ကို အခက်ခဲတွေရှိနေတဲ့အတွက် မဖြစ်မနေ ခရီးသွားရမယ့်အခါ ဆိုင်ကယ်နဲ့ပဲ သွားရတော့မယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။
အရင်က မြင်းခြံကနေ အခြားမြို့ကြီး ၇ ခုလောက်ကို ကားအသင်းပေါင်း ၃၀ ဝန်းကျင်နဲ့ နေ့စဉ် ပြေးဆွဲမှုတွေ ရှိပါတယ်။ လက်ရှိမှာတော့ အဆိုပါယာဉ်လိုင်းတွေလည်း ရပ်နားထားသလို မီးရထားလမ်းကလည်း လွန်ခဲ့တဲ့ ၆ လကတည်းက ရပ်နားခဲ့တာလည်း ဖြစ်ပါတယ်။
ဇာဇာမောင်