ကိုဗစ်-၁၉ လူနာသစ် ၅၃ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၁၁၁၁ ဦးအထိရှိလာ
DVB
·
September 3, 2020
ရန်ကုန်က ၁၉ ဦးနဲ့ စစ်တွေက ၁၈ ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၃ ဦးထပ်မံ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ်တွေထဲမှာ မွန်ပြည်နယ်က ၂ ဦး၊ မန္တလေးတိုင်း မဟာအောင်မြေက ၁ ဦး၊ ရန်ကုန်တိုင်းက ၁၉ ဦး၊ ရှမ်းပြည်နယ် လွိုင်လင်က ၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေက ၁၈ ဦး၊ မင်းပြားက ၁၂ ဦးတို့ ဖြစ်ပါတယ်။
ရန်ကုန်ကလူနာတွေကတော့ သာကေတမှာ ၅ ဦး၊ သင်္ကန်းကျွန်းမှာ ၃ ဦး ၊ မင်္ဂလာဒုံမှာ ၂ ဦး၊ ဗဟန်းမြို့နယ်မှာ ၂ ဦးနဲ့ လှိုင်၊ ကြည့်မြင့်တိုင်၊ ရန်ကင်း၊ စမ်းချောင်း၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံနဲ့ အင်းစိန် မြို့နယ်တို့မှာ ၁ ဦးစီ ဖြစ်ပါတယ်။
ဓာတ်ခွဲစစ်ဆေးမှုတွေ ပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းလို့ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၃၁ ခုနဲ့ တခြားပြည်နယ်နဲ့တိုင်းတွေရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွေက ဓာတ်ခွဲနမူနာတွေ အပါအဝင် စုစုပေါင်း ၁,၁၂၇ ခုကို ဒီကနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅၃ ဦး တွေ့ရှိရတာပါ။
စက်တင်ဘာ ၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၁၁ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၈၂ ဦးရှိပါတယ်။