ပခုက္ကူမျက်မမြင်တစ်ကျောင်းလုံး မဲစာရင်းမပါသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးထံ စာတင်ထား
DVB
·
September 3, 2020
ပခုက္ကူမြို့ မျက်မမြင်ကျောင်းက မျက်မမြင်ကျောင်းသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မဲစာရင်းသွားရောက်ကြည့်ရှုရာမှာ ကျောင်းတစ်ကျောင်းလုံးမှာ ရှိတဲ့သူတွေ မဲစာရင်းမှာ မပါဝင်ဘူးလို့ သိရပါတယ်။
ဒါကြောင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ ကျောင်းသားစာရင်းကို စာတင်ထား ရတယ်လို့ ပခုက္ကူမျက်မမြင်ကျောင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောနိုင်လင်းက ပြောပါတယ်။
“အမြင်အာရုံချို့တဲ့သူလည်း မဲပေးလို့ရအောင်ဆိုပြီးတော့ ကျနော်တို့ ဆီမှာရှိတဲ့ ၁၈ နှစ်ပြည့်တဲ့လူတိုင်းကို ကျနော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကို ဆက်သွယ်ပြီးသွားတော့ ရပ်ကွက်အုပ်ချုပ်မှူးက စာတင်ပါဆိုတော့ ကိုယ်ရေးရာဇဝင်တွေနဲ့ ကျောင်းသားကိုယ်ရေး ရာဇဝင်ကို တင်ပါတယ်။ လက်ရှိတော့ ကျနော်တို့ ကျောင်းမှာ ၁၅ ယောက်ရှိတဲ့ထဲမှာ ၁၃ ယောက်မဲပေးခွင့်ရပါမယ်။”
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မဲဆန္ဒရှင်တွေ လိုအပ်တဲ့တောင်းဆိုလွှာ ကန့်ကွက်လွှာ ပြင်ဆင်လွှာတွေကို တင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် မဲဆန္ဒရှင်စာရင်းကို သြဂုတ် ၈ ရက်မှ ၁၄ ရက်နေ့အထိ ၇ ရက်ထပ်မံတိုးမြှင့်ကပ်ထားကြေညာခဲ့ပါတယ်။
ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းအမှားအယွင်းတွေကို ပြန်လည်စိစစ်နေပြီး အသက် ၁၈ နှစ်ပြည့်သူ ဥပဒေနဲ့ညီညွတ်တဲ့ပုဂ္ဂိုလ်တိုင်း မဲပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ပခုက္ကူခရိုင်ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇော်တူးက ပြောပါတယ်။
“ကျနော်တို့ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာတဲ့အချိန်မှာလည်း တချို့နေရာမှာတော့ အမှားအယွင်းလေးတွေရှိပါတယ်။ အဲဒါမျိုးဖြစ်လာတဲ့အတွက် ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် လက်ခံတစ်စုံနဲ့ အမှားအယွင်းတွေ ဘယ်လိုရှိလဲဆိုတာကိုလည်း ပြန်စစ်ခိုင်းထားပါတယ်။”
၂၀၁၅ ရွေးကောက်ပွဲတုန်းက ပခုက္ကူ မျက်မမြင်ကျောင်းက မျက်မမြင်တွေအနေနဲ့ မဲပေးရာမှာ မဲမပေးခင်မသန်စွမ်းဌာနတစ်ခုက သင်တန်းလာပေးခဲ့တာကြောင့် အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၀ ရွေးကောက်ပွဲအတွက်ကတော့ ဘယ်လိုမဲပေးရမယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ပခုက္ကူမျက်မမြင်ကျောင်းက မျက်မမြင်တစ်ဦးဖြစ်တဲ့ ကိုမြင့်ဇော်က အခုလို ပြောပါတယ်။
“အရင်တစ်ခေါက်မဲပေးတုန်းက အဆင်ပြေလားဆို အဆင်ပြေပါတယ်။ အဲဒီမဲမပေးခင် မသန်စွမ်းဌာနတစ်ခုကနေပြီးတော့ အရင်သင်တန်းလေးပေးတာပေါ့။ ဘယ်ပုံဘယ်နည်း ပေးရမယ် နောက်ပုံစံစာရွက်လေးတွေ ဘာလေးတွေညာလေးတွေ ပြထားတာဆိုတော့ အဲအတိုင်း ပေးလိုက်တာ။ သူတို့အပေါ်မှာ ပုံစံစာရွက်ကပ်ပေးတာမှ အဲဒါကနေမှ ကိုယ်လိုချင်တဲ့အကွက်ကို နှိပ်လိုက်တာပေါ့။ အရင်တစ်ခေါက်က အဲလိုလုပ်တယ်။ အခုတစ်ခေါက်တော့ ဘယ်ပုံ ဘယ်နည်း တော့ မပြောတတ်သေးဘူး။ လောလောဆယ်အဲလိုတော့ မကြားသေးဘူး။ သတင်းထဲ ကြားတာ တော့ အဲဒီမမြင်တဲ့သူပေါ့နော် ၁၀ ယောက်အထက်ရှိတယ်ဆိုလို့ရှိရင် လက်ကမ်းစာရွက်တို့ ဘာတို့နဲ့တော့ ကြားမိတာပေါ့နော်။ ”
မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်ပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ဦးရေ ၈၇၁၆၅၅ ဦးထဲမှာ မသန်စွမ်းမဲဆန္ဒရှင် ၁၂၈၃ ဦးပါရှိတယ်။
အဲဒီမသန်စွမ်းမဲဆန္ဒရှင်တွေ မဲပေးနိုင်ဖို့အဆင်ပြေအောင် စီစဉ်ဆောင်ရွက်နေပြီးတော့ သွားလာရေးအဆင်မပြေတဲ့ မသန်စွမ်းပုဂ္ဂိုလ်တွေအတွက် ကြိုတင်မဲ ပေးနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ပခုက္ကူခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။
သတင်း - အိဝါမောင်