ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးကို အရေးယူ
DVB
·
September 3, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးကို အရေးယူထားတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က ဒီကနေ့ မနက် သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်တိုင်းမှာ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား ၆၁၈ ဦးနဲ့ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၆၄၇ ဦး၊ မော်တော်ယာဉ် ၁၁၁ စီးနဲ့ ဆိုင်ကယ် ၁၈ စီတို့ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်က ပြည်သူအများစု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း လိုက်နာမှု အားနည်းလာတဲ့ အကြောင်းနဲ့ ကန့်သတ်ထားတဲ့ကြားက ဖွင့်လှစ်နေတဲ့ Night Club တွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မနေ့က အွန်လိုင်းကကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတွေ့ရှိထားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၀၅၈ ဦးထဲမှာ ရန်ကုန်က ၄၄၃ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ခဲ့တဲ့ လူနာသစ် ၆၃ ဦးထဲမှာလည်း ရန်ကုန်တိုင်းက ၃၆ ဦးပါဝင်ပါတယ်။