မင်းလှတွင် လင်မယား ၂ တွဲ ခိုက်ရန်ဖြစ်၊ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
DVB
·
August 31, 2020
ပဲခူးတိုင်း၊ မင်းလှမြို့နယ် လှည်းပြင်တင်အုပ်စု ကျောက်တောင်မှာ ဩဂုတ် ၃၀ ရက်နေ့က လင်မယား ၂ တွဲ ခိုက်ရန်ဖြစ်ရာမှာ ၁ ဦး သေဆုံးပြီး၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မင်းလှရဲစခန်းက သိရပါတယ်။
ခိုက်ရန်ဖြစ်ပွားတာကြောင့် မင်းမြတ်ကိုကို ဒဏ်ရာရရှိခဲ့လို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဇနီးဖြစ်သူကတော့ သေဆုံးသွားတယ်လို့ မင်းလှမြို့စခန်းက ပြောပါတယ်။
စစ်ရပြန့်ကွင်း ရာအိမ်မှူး ဦးဆန်းညွှန့်က “ကျနော်တို့ကို ဩဂုတ် ၃၀ ရက်နေ့ နေ့လယ် ၁၂ ခွဲလောက်က ကျောက်တောင်မှာ လူသတ်မှုဖြစ်လို့ဆိုပြီး အကြောင်းကြား ဆက်သွယ်လာတာ ကြောင့် မင်းလှမြို့စခန်းမှ တာဝန်ရှိသူတွေနဲ့ ဥက္ကဋ္ဌနဲ့အတူ သွားရောက်ကြည့်ရှုတဲ့အခါမှာ ဘုန်းကြီးကျောင်း ရှေ့နားကလမ်းပေါ်မှာ အမျိုးသမီးတယောက်ဒဏ်ရာတွေနဲ့ လဲနေတာ တွေ့ရ တယ်။ အမျိုးသားတစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာ တွေ့ရတယ်။ အမျိုးသမီးတစ်ယောက်ကတော့ သူ့အိမ်ပေါ်မှာ သတိလစ်နေတယ်။ ဖြစ်တဲ့နေရာကတော့ ရွာတော့ မဟုတ်ဘူးဗျ။ ကျောက်တောင်ပေါ်မှာ လာပြီး တဲလေးတွေ စုနေကြတာ” လို့ ပြောပါတယ်။
တဖက်လင်မယားတွဲက ဒဏ်ရာရသူ မမိုးမာလာက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ကိုဌေးမင်းနိုင်ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ကိုဌေးမင်းနိုင်နဲ့ ဇနီးဖြစ်သူအပါအဝင် ၃ ဦးကို ကိုမင်းမြတ်ကိုကိုက တရားလိုပြုလုပ် တိုင်းတန်ထားခဲ့တာကြောင့် မင်းလှမြို့ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ၃၀၂/၃၂၆/၃၂၅/၃၄ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သက်နိုင်ဝင်း(မင်းလှ)