Homeမြန်မာသတင်း
ရန်ကုန်တိုင်းတွင် လူစုလူဝေးဖြင့်စည်းရုံးမှုများ မလုပ်တော့ဟု NLD အောင်နိုင်ရေးကော်မတီပြော
ရန်ကုန်တိုင်းတွင် လူစုလူဝေးဖြင့်စည်းရုံးမှုများ မလုပ်တော့ဟု NLD အောင်နိုင်ရေးကော်မတီပြော
ဇေယျာချမ်းအေး
·
August 30, 2020
ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ရန်ကုန်တိုင်းမှာ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးတာတွေ မလုပ်တော့ဘူးလို့ NLD ရန်ကုန်တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦးက ပြောပါတယ်။
နိုင်ငံရေးပါတီတွေဟာ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးခွင့်ရတော့မှာပါ။
ဦးရဲမင်းဦးက “လူစုလူဝေးမလုပ်ရလို့ ညွှန်ကြားထားတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုတော့ လူစုလူဝေးကြီးနဲ့ စင်တွေထိုးပြီးတော့ တရားဟောတာတို့၊ အဆိုတော်တွေနဲ့ ဖျော်ဖြေတာတို့ ဒါမျိုးတွေကတော့ လုပ်လို့ မဖြစ်နိုင်တော့ဘူး၊ တခြားနည်းတွေနဲ့ပဲ မဲဆွယ်စည်းရုံးတာတွေကိုပဲ လုပ်ရမယ်” လို့ ပြောပါတယ်။
NLD အစိုးရအတွက် လက်တလောအချိန်မှာ အကြီးမားဆုံးစိန်ခေါ်မှုက ကိုဗစ်ကူးစက်ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့နဲ့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့က အခုအချိန်မှာ စိန်ခေါ်မှုက နှစ်ခုပဲ။ တခုက ကိုဗစ်ပျံ့နှံ့မှုကို လူတွေအပေါ်မှာ အများကြီးမဖြစ်ဖို့ ကျနော်တို့နိုင်ငံမှာ ကိုဗစ်ကိုထိန်းချုပ်နိုင်ဖို့၊ ဒါက နံပါတ်တစ်။ နံပါတ်နှစ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး။ အဲဒီနှစ်ခုကို ယှဉ်တွဲပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျနော်တို့ စဉ်းစားရမှာ။ အဲဒီနှစ်ခု တပြိုင်နက်ဆောင်ရွက်နိုင်ဖို့ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို အားလုံးက အတိအကျ လိုက်နာရမယ်” လို့ ဦးရဲမင်းဦးက ပြောပါတယ်။
ဒီနှစ်ချက်စလုံးကို တပြိုင်နက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။
မဲဆွယ်စည်းရုံးရေးလုပ်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုဗစ်-၁၉ ကို အထူးသတိပြုပြီး စည်းကမ်းလိုက်နာဖို့ NLD ပါတီက တိုက်တွန်းထားပါတယ်။