ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်းအားလုံး ယာယီပိတ်မည်
DVB
·
August 26, 2020
ရန်ကုန်တိုင်းအတွင်းက အခြေခံပညာစာသင်ကျောင်းတွေ အားလုံးကို မနက်ဖြန်ကစပြီး ယာယီပိတ်ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
ရန်ကုန်ရှိ အခြေခံပညာ အထက်တန်းကျောင်း ၄၀၈ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းကို မနက်ဖြန် သြဂုတ် ၂၇ ရက်ကစပြီး ပိတ်ထားမယ်လို့ ဦးနိုင်ငံလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ကြေညာထားတာပါ။
ရခိုင်ပြည်နယ် စစ်တွေမှာ ကိုဗစ်-၁၉ လူနာအများအပြားကို ဆက်တိုက်တွေ့ပြီးနောက်ပိုင်း အတည်ပြုလူနာတွေထဲမှာ ပြည်ပခရီးသွားရာဇဝင်မရှိသူတွေ ပါနေတာကြောင့် ပြည်တွင်းကူးစက်မှုလို့ ကနဦးသုံးသပ်ထားကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကဆိုပြီး ရခိုင်ပြည်နယ်ထဲက ကျောင်းတွေအားလုံးကို ပြန်ပိတ်ခိုင်းခဲ့ပါတယ်။
ကယားပြည်နယ်မှာလည်း ဖွင့်လှစ်ထားတဲ့ အခြေခံပညာ စာသင်ကျောင်းတွေအားလုံးကို မနက်ဖြန် ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်ထားဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။